ပြည်တွင်းမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု မလုံလောက်ခြင်း ပြဿနာကို နည်းလမ်း ၃ ခုဖြင့် ဖြေရှင်းဖို့ ကြိုးစားလာကြဖွယ် ရှိနေပါတယ်။

နည်းလမ်း ၃ ခုထဲက တစ်ခုအဖြစ် မြန်မာနိုင်ငံတွင် အဆောက်အအုံသစ်များတည်ဆောက်လျှင် ဆိုလာစနစ် တပ်ဆင်အသုံးပြုရေးကို အသစ်ဖွဲ့စည်းထားတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်သူက တိုက်တွန်းပြောဆိုလာပါတယ်။

အဆိုပါ ကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တာဝန်ယူထားပြီး ပထမအကြိမ်အစည်းအဝေးမှာပဲ အဆောက်အအုံအသစ်တွေမှာ ဆိုလာတပ်ဆင်ရေးကိစ္စကို ထုတ်ပြောလာတာပါ။

အဆောက်အအုံအသစ်ဆောက်ပါက ဆိုလာစနစ်တပ်ဆင်ကာ ပိုလျှံသည့် လျှပ်စစ်များကို နိုင်ငံတော်ဓါတ်အားပေးစနစ် (National Grid) အတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။

လျှပ်စစ်ထုတ်လုပ်ရန်အတွက် ရေအားနှင့် သဘာဝ ဓာတ်ငွေ့တို့အပေါ် အဓိက မှီခိုနေရသောကြောင့် ဆိုလာစွမ်းအင်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှု တွင်ကျယ်ရန်လိုကြောင်းလည်း ၎င်းက ပြောပါတယ်။

မကြာခင်မှာတော့ ဧရာဝတီမြစ်ရေကိုထိန်းပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် အနိမ့်တမံများ တည်ဆောက်ရန် ကိစ္စတွေကိုလည်း စတင်လာဖို့ ရှိနေပါတယ်။ ရည်ရွယ်ထားတဲ့ နေရာ ၁၆ ခုရှိပြီး ဦးစားပေး နေရာ ၄ ခုကနေမှ အကျိုးအပြစ်တွေကို စီစစ်မှုတွေ စတင်လုပ်ဆောင်သွားဖို့ ရှိပါတယ်။

တတိယ နည်းလမ်းအဖြစ်ကတော့ သဘာဝဓာတ်ငွေ့ရည် (LNG) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရတာဖြစ်ပါတယ်။