ပြည်တွင်းမှာ နှစ်တိုင်းလိုလို ဖြစ်ပေါ်နေတဲ့ ရွှေစျေးနဲ့ ဒေါ်လာစျေး ဆွဲတင်မှုတွေကို အစပျိုး ကြိုးစားမှုတွေ ရှိလာနိုင်ကြောင်း ဇန်နဝါရီလ အစမှာတင် ဗဟိုဘဏ်က သတိပေးမှု ပြုလုပ်လာနေပါတယ်။
ကောလဟာလသတင်းများ ထုတ်လွှင့်ကာ ကုန်ပစ္စည်းများ ဈေးကစားရန်၊ ဒေါ်လာအပါအဝင် နိုင်ငံခြား ငွေများအားဈေးကစားရန်၊ တည်ငြိမ်နေသည့် ငွေကြေးဈေးကွက်နှင့် ရွှေဈေးကွက်များ ပျက်ပြားစေရန်၊ စီးပွားရေး ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်တွေနဲ့ ကြိုးစားမှုတွေရှိကြောင်းကို ဗဟိုဘဏ်က ကြိုတင် အသိပေးလာတယ်။
ပြည်တွင်းမှာ ကောလဟာလတွေကြောင့် အမြင့်ဆုံး ဒေါ်လာစျေးတက်မှုအဖြစ် ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယအပတ်မှာ ဒေါ်လာဈေးဟာ ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့ကာ အခေါက်ရွှေစျေးဟာလည်း ကျပ် ၈၅ သိန်းထိ ရောက်ခဲ့ပါတယ်။
အဲ့နောက်ပိုင်းမှာ ဒေါ်လာစျေးနဲ့ ရွှေစျေးတွေကို ထိန်းချုပ်နိုင်ရေး ဗဟိုဘဏ်ဘက်က ကြိုးစားလာခဲ့ရာက ၁ ဒေါ်လာကို ၄၅၀၀ ဝန်းကျင်ထံ ပြန်ဆင်းခဲ့ကာ စျေးတန်းတည်ငြိမ်နေခဲ့တယ်။ ဒီရက်ပိုင်းမှာတော့ အိမ်ခြံမြေစျေးကွက်မှာ အရောင်းအဝယ် ပြန်ရှိလာချိန် ပြည်တွင်းရွှေနဲ့ ဒေါ်လာစျေးတွေလည်း အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။
တချိန်တည်းမှာပဲ ငွေကျပ် (၂၀၀၀၀) တန် ထွက်လာမယ်ဆိုတဲ့ ကောလဟာလတွေဖြင့် ဒေါ်လာစျေး ဆွဲတင်ဖို့ ကြိုးစားမှုအချို့ ထွက်ပေါ်လာရာက ဗဟိုဘဏ်က သတိပေးချက်တွေ ထုတ်ပြန်လာနေတာဖြစ်ပါတယ်။
အထိမ်းအမှတ်ဖြင့် ထုတ်ဝေတဲ့ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူကို ရလိုတယ်ဆိုရင် ဟောင်းနွမ်း ငွေစက္ကူတွေဖြင့် ဘဏ်မှာ လူပုဂ္ဂိုလ် ကိုယ်တိုင် လဲလှယ်ထုတ်ယူရခြင်းဖြစ်ကာ ကျပ် သိန်း ၃၀ ကိုမှ ၁ ရွက်နှုန်းနဲ့ အများဆုံး လူတစ်ဦးလျှင် ၃ ရွက်သာ ထည့်သွင်းလဲလှယ်ပေးနေတယ်လို့ သိရပါတယ်။