အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ အင်္ဂါနေ့တုန်းက ခါရာဘောင်ဖလားဆီမီးဖိုင်နယ်တွင် နယူးကာဆယ်ကို ရှုံးနိမ့်မှုမှာ ဘောလုံးကြောင့်လို့ ထူးခြားတဲ့ ဆင်ခြေမျိုး ပေးခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ယခုအပတ်အကုန် မန်ချက်စတာယူနိုက်တက်နှင့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွင် နောက်ထပ်ကွဲပြားတဲ့ ဘောလုံးနှင့်ကစားလာရဦးမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုရာသီတွင် ပြိုင်ပွဲ ၄ ရပ် ယှဉ်ပြိုင်ကစားနေတာ ဖြစ်ပြီး ပြိုင်ပွဲတိုင်းကို ကွဲပြားတဲ့ဘောလုံးနှင့် ကစား နေရတာပါ။

အာတာတီဟာ နယူးကာဆယ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ခါရာဘောင်ဖလားပွဲအပြီးမှာ ဂိုးပေါက်ကန်ချက်အမြောက်အမြား လွဲချော်မှုမှာ Puma ထုတ် ဘောလုံးကြောင့်လို့ အပြစ်ဖို့ခဲ့ပါတယ်။

အာဆင်နယ်ဟာ နယူးကာဆယ်ကို ရှုံးနိမ့်တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီအထိ ယခုရာသီ ခါရာဘောင်ဖလားမှာ ကန်ချက် ၅၁ ကြိမ် ပြုလုပ်ထားရာမှာ ၂၇ ကြိမ်သာ ဂိုးပေါက်တည့်ထားပြီး ၅၃ ရာခိုင်နှုန်း ဂိုးပေါက်တည့်ပါတယ်။

အာဆင်နယ်ဟာ Nike ဘောလုံးအသုံးပြုတဲ့ ပရီးမီးယားလိဂ်တွင် ကန်ချက် ၁၉၇ ကြိမ် ပြုလုပ်ထားရာမှာ ၁၀၂ ကြိမ် ဂိုးပေါက်တည့်ပြီး ၅၂ ရာခိုင်နှုန်းသာ ဂိုးပေါက်တည့်ပါတယ်။

ဒါပေမဲ့ အာဆင်နယ်ဟာ Adidas ဘောလုံးအသုံးပြုတဲ့ ချန်ပီယံလိဂ်မှာ ၅၇ ကြိမ် ကန်ရာမှာ ၃၃ ကြိမ် ဂိုးပေါက်တည့်ပြီး ၅၈ ရာခိုင်နှုန်းဂိုးပေါက်တည့်ထားပါတယ်။

ယခု တနင်္ဂနွေနေ့တွင် ကစားမဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း အခြားပြိုင်ပွဲများကဲ့သို့ပင် သီးသန့်ဘောလုံး အသုံးပြုနေပါတယ်။ အက်ဖ်အေဖလားပြိုင်ပွဲအတွက် ဘောလုံးကို Mitre က ထုတ်လုပ်ထားတာပါ။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့ ယူနိုက်တက်နှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာ ယခုရာသီ ပထမဆုံးအကြိမ်အဖြစ် Mitre ဘောလုံးဖြင့် ကစားရပါမယ်။ ဒီပွဲမှာရော အာဆင်နယ်ဟာ ဘောလုံးအသစ်နဲ့ အတူ ဟန်ချက်ညီအောင် ထိန်းနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။