မန်ယူအသင်းရဲ့ ဂန္ထ၀င်နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်ဟာ မန်ယူ ခန့်အပ်လိုနေတဲ့ အားကစား ဒါရိုက်တာ ရာထူးအတွက် လက်စတာမှာ တာဝန်ယူဖူးတဲ့ စတိဗ်ဝဲ့ရှ်ကို ထောက်ခံခဲ့ပေမယ့် အက် ၀ုဒ်ဝပ်က လက်မခံခဲ့ဘဲ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

စတိဗ်ဝဲ့ရှ်ဟာ လက်စတာအသင်းမှာ ကင်းထောက်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကန်တေ၊ မာရက်ဇ်နဲ့ ဗာဒီတို့လို ကစားသမား ကောင်းတွေကို အသင်းဆီရောက်လာအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး အဲ့ဒီနောက်မှာတော့ စတိဗ်ဝဲ့ရှ်က အဲဗာတန်အသင်းဆီကို ဘောလုံး ဒါရိုက်တာရာထူးနဲ့ ပြောင်းရွှေ့ခဲ့ကာ ပြီးခဲ့တဲ့နှစ်ကမှ ရာထူးကနေ နှုတ်ထွက်ထားပါတယ်။

အက် ၀ုဒ်ဝပ်နဲ့ ဆာ အဲလက်စ် ဖာဂူဆန် ကြားမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေပြီး ဆာ အဲလက်စ် ပေးတဲ့အကြံဆိုရင် အက် ၀ုဒ်ဝပ်က တစ်ခုမှ လက်မခံခဲ့ဘဲ ဆက်ဆံရေး အရမ်းကို ဆိုးရွားလွန်းနေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

ဖာဂူဆန်ဟာ ပေါ့ဂ်ဘာကို မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေး အသုံးပြုခေါ်ယူဖို့ ကြိုးပမ်းခဲ့စဉ်ကလည်း အက် ၀ုဒ်ဝပ်ကို အဲ့ဒီလိုမလုပ်ဖို့ နည်းလမ်း တကျ ပြောပြခဲ့ပေမယ့် ၀ုဒ်ဝပ်က ဆာ အဲလက်စ်စကားကို နားထောင်ခြင်း မရှိခဲ့ပါဘူး။

လက်ရှိ နည်းပြသစ်ခန့်အပ်တဲ့ကိစ္စမှာလည်း ဖာဂူဆန်က ဆိုးရှားဟာ မန်ယူနည်းပြဖြစ်ဖို့ လိုအပ်ချက်တွေရှိနေသေးတာကြောင့် ပိုချက်တီနိုကို ခေါ်ယူဖို့သာ အားစိုက်ဆောင်ရွက်သင့်ကြောင်း ၀ုဒ်ဝပ် ကို ပြောကြားခဲ့ပေမယ့် ၀ုဒ်ဝပ်က ခေါင်းမာစွာနဲ့ပဲ ဆိုးလ်ရှားကိုသာ အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်သွားခဲ့ပါတယ်။

ဒီတခေါက် အားကစား ဒါရိုက်တာ ရာထူးအတွက် ဖာဂူဆန် အကြံပြုခဲ့သော်လည်း ၀ုဒ်ဝပ်က ပယ်ချထားပြီး ထိုရာထူးကို ရရှိဖို့ ရေပန်းစားနေတာက ကစားသမားဟောင်း ဖာဒီနန် ဖြစ်ပါတယ်။