မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ် စတဲ့ ထိပ်သီး အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ကာကွယ်ဖို့နဲ့ ပေါ့ဘာကို အသင်းမှာ ဆက်ထိန်းဖို့ ကစားသမားကို တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းထိ တိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်လာပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အပြီးမှာ ဆိုးရှားနဲ့ ဆွေးနွေးပြီး အခြေအနေ ကောင်းနေခဲ့ပေမယ့် ဒီတလောမှာပဲ ဂျပန်က ပွဲတစ်ခုမှာ စိန်ခေါ်မှု အသစ်တွေ ရှာဖွေလိုကြောင်း အသင်းပြောင်းချင်တဲ့ အရိပ်အမြွက် ထည့်ပြောခဲ့ပြန်လို့ မန်ယူအသင်း အနေနဲ့ ပြင်သစ်သားကို ဆက် ထိန်းထားဖို့ အလုပ်များရတော့တာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူပြီး အသင်းကို သွေးသစ်လောင်းဖို့ ပြင်ဆင်နေပေမယ့် ပေါ့ဘာကို ရောင်းချဖို့ အစီအစဉ် မရှိပါဘူး။ ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်က အလေးအနက် ကြိုးစားနေတဲ့အပြင် အသင်းဟောင်း ဂျူဗင်တပ်ကလည်း ခေါ်ယူလိုနေတာပါ။ အီတလီသတင်းတွေရဲ့ ဖော်ပြချက်အရ ပေါ့ဘာဟာ သူခြေစွမ်းပြ ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းကို ပြန်ရောက်နိုင်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ် က တရားဝင် ကမ်းလှမ်းမှုသာ မလုပ်ရသေးပေမယ့် ဒီ အပြောင်းအရွှေ့ ကာလမှာ သေချာပေါက် ကမ်းလှမ်းမှု လုပ်ပြီး ကြိုးစားဦးမှာ ဖြစ်ပါတယ်။ ပေါ့ဘာကလည်း ရီးရဲလ်ကသာ ခေါ်ယူရင် ငြင်းဆန်မှာ မဟုတ်ဘဲ မန်ယူကို ပြန် ဖိအားပေးလာဖွယ် ရှိပါတယ်။

ပေါ့ဘာနဲ့ မန်ယူရဲ့ လက်ရှိ စာချုပ်သက်တမ်းက ၂ နှစ် ကျန်ရှိနေသေးပေမယ့် ၄င်း ထွက်ခွာ မသွားအောင် မန်ယူဘက်က ပေါ့ဘာ လက်ရှိရနေတဲ့ လုပ်ခလစာထက် ပိုပေးပြီး စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ပေါ့ဘာက လက်ရှိ အချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၂သိန်း ၉ သောင်း ရရှိနေတာပါ။

တကယ်လို့ ပေါ့ဘာဟာ မန်ယူအသင်းနဲ့ စာချုပ်သစ် ချုပ်မယ်ဆိုရင် သူ ရမယ့် တစ်ပတ်လုပ်ခလစာက မနည်းမနောပါပဲ။ မန်ယူအသင်းဟာ ချီလီတောင်ပံတိုက်စစ်မှူး ဆန်းချက်ဇ်လောက် လစာမျိုးထိ ပေါ့ဘာကို တိုးပေးသွားဖွယ် ရှိပါတယ်။ သတင်းများအရ တစ်ပတ် ပေါင် ၅ သိန်းပါ။

ပေါ့ဘာဟာ မန်ယူကစားသမားဘဝ ၁၃၅ ပွဲမှာ ၃၁ ဂိုး သွင်းထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပေါ့ဘာကို ခေါ်ယူဖို့ ပေါင် ၁၀၆ သန်းထက် ပိုသုံးမှာ မဟုတ်ကြောင်းလည်း သိရပါတယ်။