မန်ချက်စတာ ယူနိုက်တက်ဟာ ၂၀၁၈ နွေရာသီက ဘရာဇီးသား ဖရက်အတွက် ရင်းနှီးမြုပ်နှံမှု အများကြီး လုပ်ခဲ့ရတာပါ။ ကစားသမားကို အတော်လေး မျှော်လင့်ထားတာနဲ့အတူ အင်္ဂလန်ကို ခေါ်ယူဖို့ ပြိုင်ဘက်တွေကို ကျော်ဖြတ်ကာ ပေါင် ၅၂သန်း ပေးခဲ့ရပါတယ်။

ဖရက်ဟာ အခြား အသင်းသားတွေလိုပဲ ခြေစွမ်း မတည်ငြိမ်မှုတွေ ရှိခဲ့ပြီး အကျိုးဆက်အနေနဲ့ အရန်အဖြစ်သာ နေရာ ရခဲ့ပါတယ်။ မန်ယူမှာ ပွဲဦးထွက် ရာသီက ခက်ခဲခဲ့တယ်လို့ ဖရက်က ဖွင့်ဟ ဝန်ခံ လိုက်ပြီး နောက်ရာသီ အိုးလ်ထရက်ဖို့ဒ်မှာ တိုးတက်မှုတွေ ရှိလာဖို့ ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။

“ မနှစ်က ကျနော့်ရဲ့ ပထမဆုံး ရာသီပေါ့။ ခက်ခဲခဲ့တယ်။ ဒါပေမယ့် အဆုံးသတ်ကတော့ အဆင်ပြေခဲ့တယ်လို့ ထင်ပါတယ်။ ရာသီသစ် အသင်းမှာ အများကြီး ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အသင်းရဲ့ တစ်စိတ်တပိုင်း ဖြစ်ရတာ ကျနော် စိတ်လှုပ်ရှားနေပါတယ်။ ”

“အင်္ဂလိပ်လိဂ်က ခက်ခဲတယ်။ အသင်းကြီးတွေ အများကြီး ရှိတယ်။ အကောင်းဆုံး တစ်သင်းကို ရွေးထုတ်ဖို့က ခက်တယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေ အများကြီး ရှိတယ်။ စီးတီးတို့၊ လီဗာပူးတို့ ချယ်ဆီးတို့ပေါ့။ ဒီလို ပွဲကြီးတွေကို ကျနော် သဘောကျတယ် ” လို့ ဖရက်က ဆိုပါတယ်။

ရာသီကြိုကစလို့ ဆိုးရှား အနေနဲ့ နောက်ထပ် ပြန်လည်တည်ဆောက်ရေး စီမံကိန်းကို ကြီးကြပ်ဖို့ လိုအပ်လာပါတယ်။ ရာသီသစ်မှာမှာ မန်ယူဟာ ပိုပြီး နိင်လိုစိတ် ပြင်းပြလာလိမ့်မယ်လို့ ဖရက်က ယုံကြည်မှု ရှိနေတာပါ။

“ ကျနော်တို့ တိုးတက်ဖို့ လိုအပ်တဲ့ အရာတွေရှိတယ်။ မနှစ်က ရာသီသိမ်း အခြေအနေကို ကျနော်တို့ မနှစ်သက်ခဲ့ဘူး။ ချန်ပီယံလိဂ်နဲ့ တခြားဖလားပြိုင်ပွဲတွေ နောက် ပရီးမီးယားလိဂ်မှာလဲ လိုချင်တဲ့ အတိုင်း မဖြစ်ခဲ့ဘူး။ ဒါကြောင့် ကျနော်တို့ တိုးတက်ဖို့ လိုအပ်တဲ့ အရာတွေ ရှိပါတယ်။ ”

“ နောက်ရာသီမှာ ကျနော်တို့ ပိုကောင်းလာပြီး ဆုဖလားတွေ အတွက် စိန်ခေါ်နိုင်မယ်လို့ ထင်ပါတယ်။ ဒါက ကျနော်တို့အားလုံးနဲ့ ပရိသတ်တွေ အလိုချင်ဆူံး အရာပါ။ ကျနော်တို့က မန်ချက်စတာ ယူနိုက်တက်ပါ။ ဆုဖလားတိုင်း အတွက် ကျနော်တို့ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်ဖို့ လိုပါတယ် ” လို့ ဖရက်က ပြောဆိုခဲ့ပါတယ်။