ပရီးမီးယားလိဂ်တန်းတက်ကလပ် အက်စတွန်ဗီလာဟာ မန်ယူအသင်းမှ လူငယ်ကြယ်ပွင့် ခံစစ်သမားလေး ဖြစ်သူ တွမ်ဇီဘီကို အပြီးသတ် ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှု စတင်ခဲ့ပြီလို့ သိရပါတယ်။

တွမ်ဇီဘီဟာ အက်စတွန်ဗီလာမှာ အငှားထွက်ကစားနေတာ နှစ်ရာသီ ရှိပြီဖြစ်တဲ့ မန်ယူ လူငယ်တစ်ဦါ်ဖြစ်တယ်။ မန်ယူဘက်က ကစားသမားကို နောက်တစ်ရာသီ အငှားချလိုပေမယ့် အက်စတွန်ဗီလာဘက်က အပြီးသတ် ခေါ်ယူလိုလာတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တန်းတက်ခွင့် ယှဉ်ပြိုင်မှုမှာ တွမ်ဇီဘီက တောက်ပစွာပဲ အက်စတွန်ဗီလာ တန်းတက်အောင် ကူညီပေးနိုင်ခဲ့တယ်။ အက်စတွန်ဗီလာဟာ အငှားခေါ်ယူထားတဲ့ ကစားသမားတွေကို အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး တွမ်ဇီဘီလည်း ပါဝင်နေတာပါ။

တွမ်ဇီဘီလို အရည်အချင်းရှိ လူငယ်ကို လက်လွတ်ရမယ်ဆိုရင် မန်ယူအတွက် စိတ်ပျက်စရာ ဆုံးရှူံးမှု ဖြစ်နိုင်ပြီး ကစားသမားကို မဖြစ်မနေ ရောင်းထုတ်ရမယ်ဆိုရင် မန်ယူဘက်က အလိုရှိရင် ပြန်လည်ခေါ်ယူခွင့်လို သဘောတူညီမှု တစ်ခုခုကို ထည့်သွင်းသွားမယ်လို့ သိရတယ်။

ကွန်ဂိုဖွား လူငယ်ကစားသမားလေးဟာ မန်ယူအသင်း စီနီယာအဆင့်မှာ ၈ ကြိမ်ပဲ ပွဲထွက်ခွင့်ရခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ မန်နေဂျာ ဗန်ဟားလက်ထက် အရန်ခုံမှာ စတင်ပါဝင်လာခဲ့ပြီး ၂၀၁၇ ခုနှစ်က မော်ရင်ညို လက်အောက်မှာ ပွဲထွက်ခွင့် ပိုင်ဆိုင်ခဲ့ဖူးပါတယ်။