မန်စီးတီးအသင်း အပါအ၀င် ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေနဲ့ ကလပ်အသင်း တော်တော်များများ ချိတ်ဆက်နေတဲ့ ဘင်ဖီကာ တောင်ပံ တိုက်စစ် သမား ဂျိုအာ ဖိလစ်ကို မက်ဒရစ်မြို့က စားသောက်ဆိုင် တစ်ဆိုင်မှာ တွေ့ရကြောင်း သတင်းတွေ ထွက်လာပါတယ်။ ၄င်းကို အက်သလက်တီကို မက်ဒရစ်ကလည်း ခေါ်ယူဖို့ ချိတ်ဆက်ထားပါတယ်။

ဘာနာဒိုဆေးလ်ဗားက အသင်းဖော် ရာဟင်း စတားလင်းရဲ့ ပုံမှန်မဟုတ်တဲ့ ယက်ကန်ယက်ကန် ပြေးဟန်မျိုး တုပပြေးတဲ့ ပုံစံ ဗီဒီယို အတိုလေးကို အင်စတာဂရမှာ တင်ပြီး ကျီစယ်လိုက်ပါတယ်။ စတားလင်းကတော့ ဆေးလ်ဗားကို စစ်ကြေငြာလိုက်ပြီလို့ ပြန်လည် နောက်ပြောင်ပြီး တုန့်ပြန်သွားပါတယ်။

အက်သလက်တီကို မက်ဒရစ်မှ ကွင်းလယ်ကစားသမား ရိုဒရီက ၄င်း မန်စီးတီးသို့ ပြောင်းရွှေ့လိုကြောင်း မိခင်ကလပ်အသင်းကို အကြောင်းကြား ထားပြီး ဖြစ်ကာ မန်စီးတီးဘက်ကလည်း ၄င်းရဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၆၃ သန်းမျှကို ပေးအပ်ဖို့ အသင့် ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ အက်သလက်တီကို မက်ဒရစ်မှ ကွင်းလယ်ကစားသမား ရိုဒရီကို ယူရိုသန်း (၇၀) နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်နေပါတယ်။

အီတလီဘက်က သတင်းများအရ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ရာဘီရော့ဟာ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ ရာဘီရော့ဟာ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်လို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မှာပါ။

မန်စီးတီးအသင်း မန်နေဂျာ ပက် ဂွာဒီယိုလာက ပြီးခဲ့တဲ့ ဘောလုံးရာသီ တောက်လျောက် ပွဲနေ့တိုင်း ကံကောင်းစေတဲ့ အဆောင်အဖြစ် မီးခိုးရင့်ရောင် အပေါ်ဝတ် ဆွယ်တာကြီးကို ၀တ်ဆင်နေခဲ့ပြီး အဆိုပါ ဆွယ်တာကို လူမှုရေးလုပ်ငန်းများမှာ လှူဒါန်းဖို့ လေလံတင် ရောင်းချလိုက်ပါတယ်။

ဂွာဒီယိုလာရဲ့ အကျီင်္လေလံပွဲကို အင်္ဂါနေ့ကပဲ ပြုလုပ်ခဲ့ပြီး ပေါင် ၆၀၀၀ နဲ့ ရောင်းထွက်သွားခဲ့ကာ ရောင်းရငွေကို လူမှုရေး လုပ်ငန်းများမှာ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ဂွာဒီယိုလာကတော့ သူ့အမှတ်အသားလို ဖြစ်နေခဲ့တဲ့ အနွေးထည်ကို ပြန် ၀တ်ဆင်တော့မှာ မဟုတ်တော့ပါဘူး။

ပရီးမီးယားလိဂ် ချန်ပီယံအသင်းဟာ အပြောင်းအရွှေ့မှာ ပေါင် ၁၀၈ သန်းကို ခပ်မြန်မြန်သုံးစွဲဖို့ အချိန်ဆိုင်းမနေခဲ့ပဲ လာမယ့်ရာသီအတွက် ပြင်ဆင်လာခဲ့ပါတယ်။ ရိုဒရီကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ပြီး ဂျူဗင်တပ် ညာအစွန်လူ ကန်ဆယ်လိုကိုလည်း မကြာခင်မှာပဲ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။