ရီးရဲလ်မက်ဒရစ် အသင်း တိုက်စစ်သမား ဘေးလ်ဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပေမယ့် ၄င်းကို ခေါ်ယူလိုနေတဲ့ သတင်းထွက်နေတဲ့ အသင်းဟောင်း စပါးနဲ့ ယူနိုက်တက်ထံ အငှားနဲ့ ထွက်ခွာလာဖို့တော့ မဖြစ်နိုင်ကြောင်း ဘေးလ်ရဲ့ အေးဂျင့် ဖြစ်သူက ပြောဆိုလိုက်ပါတယ်။

မန်ယူဟာ ညာအစွန်နေရာအတွက် ဝမ်ဘစ်ဆာကာကို ကမ်းလှမ်းရာမှာ အချိန် ကြံ့ကြာနေမှုကို စိတ်မရှည်ဖြစ်နေပြီး နော့ဝစ်အသင်းမှ အာရွန်ကို ပြောင်းလဲ ကမ်းလှမ်းဖို့ စတင်လာပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စပို့တင်းလစ္စဘွန်း ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ယခုထိ သဘောတူညီမှု မရရှိသေးပေမယ့် တဖြည်းဖြည်း ညှိနှိုင်းလို့ အဆင်ပြေပြီး အပြောင်းအရွှေ့ ဖြစ်မြောက်လာလိမ့်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

စပိန်ဘက်က သတင်းများအရ ကော်တင်ညိုဟာ ဘာစီလိုနာက ထွက်ခွာချင်နေပေမယ့်လည်း အသင်းဟောင်း လီဗာပူးနဲ့ ဆက်နွယ်မှုများကြောင့် မန်ချက်စတာယူနိုက်တက်ကိုတော့ ရွေးချယ်မှာ မဟုတ်ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ အပါအ၀င် ကလပ်အသင်း တော်တော်များများ ချိတ်ဆက်နေတဲ့ ဘင်ဖီကာ တောင်ပံတိုက်စစ် သမား ဂျိုအာ ဖိလစ်ကို မက်ဒရစ်မြို့က စားသောက်ဆိုင် တစ်ဆိုင်မှာ တွေ့ရကြောင်း သတင်းတွေ ထွက်လာပါတယ်။ ၄င်းကို အက်သလက်တီကို မက်ဒရစ်ကလည်း ခေါ်ယူဖို့ ချိတ်ဆက်ထားပါတယ်။

အီတလီဘက်က သတင်းများအရ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ရာဘီရော့ဟာ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ ရာဘီရော့ဟာ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်လို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မှာပါ။

ပရီးမီးယားလိဂ်တန်းတက်ကလပ်ဖြစ်တဲ့ အက်စတွန်ဗီလာဟာ ယူနိုက်တက်အသင်းမှ လူငယ်ကြယ်ပွင့် ခံစစ်သမားလေး ဖြစ်သူ တွမ်ဇီဘီကို အပြီးသတ် ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှုပေးဖို့ စတင်ကာ ပြင်ဆင်လာပြီဖြစ်ပါတယ်။

စတိဗ်ဝက်ခ်ျဟာ လက်စတာစီးတီး နဲ့အတူ အရည်အချင်းရှိ ကစားသမားတွေကို ဖော်ထုတ်ရာမှာ နာမည်ကြီး ထင်ရှား လာခဲ့ပြီးနောက် ယူနိုက်တက်ဟာ သူ့ကို နေရာတစ်နေရာမှာ ခန့်အပ်ဖို့ လျာထားတယ်လို့ သိရပါတယ်။ ကင်းပါဝါ ကွင်းမှာ လက်ထောက်နည်းပြ ဖြစ်ခဲ့ပြီး မာရက်ဇ်၊ ကန်တေ၊ ဗာဒီတို့လို ကစားသမားတွေကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ခေါ်ယူရာမှာ အဓိက နေရာကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့မှာ ခံစစ်ကို ပြုပြင်ဖို့ ဝက်ဟမ်းမှ ဒီအော့ကို ကမ်းလှမ်းမှုတွေ လုပ်ခဲ့ချိန်မှာ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ ဗန်ဒိုက်နဲ့ တစ်တန်းတည်းရှိမယ့် ပေါင် ၇၅ သန်းပေးမှ ဒီအော့ကို ပြန်လာကမ်းလှမ်းဖို့ တောင်းဆိုလိုက်ကြောင်း သိရပါတယ်။