ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ PGMOL ဥက္ကဌဟောင်း ကိသ် ဟက်ကက်က မိုင်းစ် လူးဝစ္စ စကယ်လီကို အငြင်းပွားဖွယ် အနီကတ်ပြထုတ်ပယ်ခဲ့ပြီးနောက် မိုက်ကယ် အိုလီဗာကို VAR ဒိုင် ဒါရင်း အင်္ဂလန်နဲ့ နောက်ထပ် တွဲပြီး ပွဲမကိုင်တွယ်တော့ဖို့ ပြောဆိုခဲ့ပါတယ်။
စနေနေ့ည ပွဲစဉ်တွေထဲမှာ လူပြောစရာ အဖြစ်ခဲ့ဆုံးကိစ္စက အာဆင်နယ်နဲ့ ဝုဗ်တို့ပွဲစဉ် ပထမပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ မအောင်မြင်တဲ့ ထောင့်ကန်ဘောကနေ ရလာတဲ့ ဘောလုံးကို ဝုဗ်အသင်းက တန်ပြန်တိုက်စစ်ဆင်ဖို့အတွက် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
အိမ်ရှင်တွေဟာ အာဆင်နယ်ကွင်းဘက်ခြမ်းကို တဟုန်ထိုး ပြေးလွှားပြီး ဂိုးပေးရနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် မိုင်းစ် လူးဝစ္စ စကယ်လီက မတ် ဒိုဟာတီကို ခြေလှမ်းချိတ်ပြီး ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်လူငယ်ကြယ်ပွင့်အနေနဲ့ သူ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့နေရာကြောင့် အဝါကတ် လောက်တော့ ပြသခံရမယ် ထင်ခဲ့ပေမယ့်လည်း မိုက်ကယ် အိုလီဗာက တိုက်ရိုက်အနီကတ်ပြသခဲ့တာကြောင့် မယုံနိုင်ဖြစ်ခဲ့ရပါတယ်။
ကွင်းလယ်ဒိုင်ရဲ့ ပြင်းထန်လွန်းတဲ့ ဆုံးဖြတ်ချက်ကို VAR ကလည်း ထောက်ခံပေးခဲ့ပြီး ဂန်းနားတွေဟာ ၇၄ မိနစ်မှာ ကာလာဖီအိုရီသွင်းယူပေးခဲ့တဲ့ဂိုးကြောင့်သာ အနိုင် ၃ မှတ်ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
လူးဝစ္စ စကယ်လီရဲ့ အနီကတ်ဟာ ကမ္ဘာတလွှားက ပရိသတ်တွေနဲ့ အင်္ဂလန်ဂန္တဝင် အလန် ရှီးယားတို့လို ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ ဝေဖန်ခြင်းခံခဲ့ရပြီး နယူးကာဆယ်တိုက်စစ်မှုးဟောင်းက မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံး ဆုံးဖြတ်ချက်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ကိသ် ဟက်ကက်က သူ့ရဲ့ ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပြီး မိုက်ကယ် အိုလီဗာကို လူးဝစ္စ စကယ်လီရဲ့ စိတ်ပျက်စရာ အနီကတ်နဲ့ပတ်သက်ပြီး ချက်ချင်း လုပ်ဆောင်ရမယ့်အရာကို တောင်းဆိုခဲ့ပါတယ်။
“အာဆင်နယ်က နောက်ထပ်တစ်ကြိမ် ဒိုင်လူကြီးတွေရဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ဒဏ်ကို ခံရပြန်ပြီ။ မိုက်ကယ် အိုလီဗာရေ ဒါက အနီကတ်မဟုတ်ပါဘူး။
ကျွန်တော်သာဆိုရင်တော့ PGMOL ဥက္ကဌ ဟောင်းဝပ် ဝက်ဘ်ကို ခင်ဗျားရဲ့ VAR ဒိုင် ဒါရင်း အင်္ဂလန်နဲ့ အလုပ်တွဲမလုပ်ချင်တော့ဘူးလို့ ပြောမှာပါ။ သူတို့ ၂ ယောက်ကြားက ဆုံးဖြတ်ချက်ကြောင့် အာဆင်နယ် ကစားသမား အထုတ်ခံလိုက်ရတာ ဖြစ်ရပ်ဆိုးကြီးတစ်ခုပါပဲ။ “လို့ ပြောကြားခဲ့ပါတယ်။