မန်ချက်စတာယူနိုက်တက်ဟာ အသင်းကနေ လက်လွှတ်တော့မယ် ယူဆခဲ့ရတဲ့ ကွင်းလယ်ကစားသမား မာတာကို ၂၀၂၁ ခုနှစ်နွေရာသီအထိ ဆက်ရှိနေမယ့် စာချုပ်သစ်မှာ လက်မှတ်ရေးထိုးသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ စပိန်သားကို နောက်ဆုံး စာချုပ်သက်တမ်းကုန်သည်ထိ စောင့်ကြည့်နေပြီးမှ အခုလို အသင်းမှာ ဆက်ထိန်းထားခဲ့တာ ဖြစ်ပါတယ်။

အသက်(၃၁)နှစ်အရွယ် ၀ါရင့်ကွင်းလယ်ကစားသမား မာတာဟာ မန်ယူအသင်းမှာ ဆက်လိုနေခဲ့လို့ ၄င်းရဲ့ဆန္ဒ ပြည့်မြောက်သွားခဲ့ပါတယ်။ မန်ယူနည်းပြ ဆိုးရှားက မာတာကို အသင်း လူငယ်ကစားသမားတွေ စုစည်း ထိန်းကွပ်ပေးဖို့ ပါဝင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆက်လက် ခေါ်ယူထားခဲ့တာ ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

” မာတာက ထိပ်တန်းအဆင့် ပရော်ဖက်ရှယ်နယ် တစ်ဦးဖြစ်ပြီး ကျနော် အလုပ်တွဲလုပ်ခဲ့ဖူးသမျှထဲ အထူးချွန်ဆုံးကစားသမားတွေထဲမှာ ပါဝင်သူပါ။ သူက ကျနော်တို့ လူငယ်ကစားသမားတွေအတွက် စံနမူနာကောင်းတစ်ခု ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ဦးရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ကောင်းကောင်းနားလည်သူဖြစ်ပြီး အသင်းအကြောင်းကိုလည်း ကောင်းကောင်း သိနေပါပြီ ”

“သူ့ အရင်တုန်းက အတွေ့အကြုံတွေဟာ လာမယ့်ဘောလုံးရာသီတွေမှာ လူငယ်ကစားသမားတွေ တိုးတက်လာအောင် ကူညီပေးနိုင် ပါလိမ့်မယ်၊ သူ့ရဲ့ပါရမီနဲ့ စိတ်ဓာတ်ရေးရာတွေဟာ အသင်းအတွက် တန်ဖိုးဖြတ်လို့ မရဘူးဆိုတာကို ကျွန်တော်သိထားတဲ့အတွက် စာချုပ်သစ်မှာ သူလက်မှတ် ရေးထိုးနိုင်ခဲ့တာကို ကျနော် ဝမ်းသာပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

စပိန်သား မာတာကလည်း “လက်ရှိ အသင်းနဲ့ ပရိသတ်တွေ အတွက် ဆက်ကစားပေးရမှာဟာ တကယ့်ကို ပီတိဖြစ်စရာပါပဲ၊ ကျနော် မန်ချက်စတာမှာ ငါးနှစ် ရှိနေပါပြီ၊ အိုးထရက်ဖို့ဒ်က ကျွန်တော့်အိမ်လို့ ပြောလို့ရနေပါပြီ၊ ဆိုးရှားရယ် သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေနဲ့ အလုပ်အတူ ဆက်လုပ်ဖို့ စိတ်လှုပ်ရှားနေပါပြီ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ဆိုးရှားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မေဆန်ဂရင်းဝုဒ်၊ အိန်ဂျယ်ဂိုးမက်စ်၊ တဟစ်ချောင် အစရှိတဲ့ လူငယ်တွေကို ပထမအသင်းကြီးနဲ့ အတူ ပွဲထွက်ခွင့် ပေးခဲ့ပြီးနောက် လက်ရှိနွေမှာလည်း အသက်(၂၁)နှစ်အရွယ် ဒန်နီရယ်ဂျိမ်းစ်ကိုေ] ခေါ်ယူထားပါတယ်။