အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိက အုပ်စုတွင်း ဒုတိယပွဲအဖြစ် ပါရာဂွေးနဲ့ပွဲမှာ သရေ ၁မှတ်သာ စုဆောင်းနိုင်ခဲ့လို့ အုပ်စုနေရာ ဒုတိယနေရာအတွက် ပြိုင်ဘက် ကိုလံဘီယာ၊ ပါရာဂွေးပွဲစဉ်ကို စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားဟာ အကောင်းဆုံး တတိယနေရာနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့အတွက်လည်း အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကာတာအသင်းကို မဖြစ်မနေ ဂိုးပြတ်အနိုင်ကစားဖို့ လိုအပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင်မက်ဆီကတော့ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရမယ်ဆိုရင် ရူးသွပ်ချင်စရာဖြစ်သွားလိမ့်မယ်လို့ ပြောဆိုပြီး အဲဒီလိုဖြစ်ရပ်ဆိုးမျိုး မဖြစ်လာဖို့လည်း မျှော်လင့်နေပါတယ်။

မက်ဆီက ” နောက်တစ်ဆင့်တက်နိုင်ဖို့ ကျွန်တော်တို့ နိုင်ပွဲလိုအပ်နေပါပြီ။ တကယ်လို့ ကျွန်တော်တို့သာ အုပ်စုအဆင့်က ထွက်ခဲ့ရတယ်ဆိုရင် တကယ်ကို ရူးချင်စရာပါပဲ၊ အုပ်စုတစ်ခုမှာ အသင်း (၃)သင်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေး ရှိပါတယ် ” လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ အာရှအသင်းတွေဖြစ်တဲ့ ဂျပန်နဲ့ ကာတာအသင်းတို့ ပါဝင်လာပြီး အုပ်စုတွင်းက အကောင်းဆုံး တတိယအသင်းကလည်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်လို့ အာဂျင်တီးနားက ကာတာကို သေချာပေါက် အနိုင်ရဖို့ လိုအပ်နေပါပြီ။