နည်းပြ မီခေးလ် အာတီတာက သူ့ရဲ့ အာဆင်နယ်ကစားသမားများအား အာလင်းဟာလန်းနှင့် ပြဿနာတက်ခဲ့မှုကို မေ့ပစ်လိုက်ရန် ပြောကြားလာပါတယ်။
အာဆင်နယ်ဟာ ယနေ့ညမှာ အမ်းမရိတ်ကွင်းမှာ ဂွါဒီယိုလာရဲ့ မန်စီးတီးကို ဧည့်ခံကစားရပါမယ်။
စက်တင်ဘာလတုန်းက အီတီဟတ်ကွင်းတွင် မန်စီးတီးနှင့် အာဆင်နယ်တို့ နှစ်ဂိုးစီသရေကျတဲ့ပွဲမှာ ဂျွန်စတုန်းက ချေပဂိုးသွင်းယူပြီးချိန်တွင် မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ ဂါဘရီရယ်ရဲ့ခေါင်းကို ဘောလုံးဖြင့် ပစ်ပေါက်ခဲ့ပါတယ်။
နောက်ပိုင်းတွင် နော်ဝေတိုက်စစ်မှူးက အာတီတာအား နှိမ့်ချနေထိုင်ရန် ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အာတီတာက အထက်ပါအဖြစ်အပျက်မှာ ဘောလုံးပွဲရဲ့အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး စိတ်ထဲမထားကြရန် အာဆင်နယ် ကစားသမားများကို ပြောဆိုလာပါတယ်။
ယင်းအဖြစ်အပျက်ကို အာဆင်နယ်စတားများ အတိတ်မှာ ထားခဲ့မလားလို့ မေးမြန်းလာချိန်မှာ အာတီတာက –
” ဒီလိုပဲ တကယ်ပဲမျှော်လင့်တယ်။ အပြုသဘောမဆောင်တဲ့တာတွေက ဘာမှ အကူအညီမဖြစ်ပါဘူး။ ဒါတွေက ပွဲရဲ့အစိတ်အပိုင်းတစ်ရပ်ပါ။ ပြိုင်ပွဲရဲ့ အစိတ်အပိုင်း တစ်ရပ်ပါ။ အတိတ်မှာ ထားခဲ့ရမယ်။ လူတွေ ကြည့်ချင်တဲ့ ပွဲကောင်းတစ်ပွဲပဲ ကစားရမယ်”လို့ ပြောကြားသွားပါတယ်။
ယခု မန်စီးတီးနှင့်ပွဲမှာ အာဆင်နယ်အတွက် ၂၁ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားအား ပြန်လည် ရရှိရေးအတွက် မဖြစ်မနေ အနိုင်ယူရမဲ့ ပွဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ထိပ်ဆုံးမှ လီဗာပူးနှင့် ရမှတ် ၉ မှတ် ကွာဟနေပါတယ်။