မနေ့ညက အမ်းမရိတ်မှာတော့ အာဆင်နယ်အသင်းက မန်ချက်စတာ စီးတီးလို အသင်းကို ၅-၁ နဲ့ အံ့ဖွယ် ဂိုးပြတ် နိုင်ပွဲ ရယူခဲ့ပါတယ်။
တစ်ချက်မှားတာနဲ့ ပေးဆပ်မှု ကြီးမားသွားနိုင်တဲ့ ဒီလိုပွဲမျိုးမှာ မန်စီးတီးကစားသမားတွေရဲ့ အလွယ်တကူ အမှားကျူးလွန်မှုကြောင့် အခုလောက်အထိ အရှက်တကွဲဖြစ်ခဲ့ရတယ်လို့ပြောရမှာပါ။
ပွဲစလို့ ၁ မိနစ်ကျော်မှာပဲ အကန်ဂျီရဲ့အမှားကနေ အာဆင်နယ်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး အော်ဒီဂါက သွင်းယူခဲ့ပါတယ်။
ပထမပိုင်းပွဲကစားချိန်အတွင်း နှစ်သင်းစလုံး အခွင့်အရေးကောင်းတွေရရှိခဲ့ပြီး ဒေးဗစ်ရိုင်ယာ လက်စွမ်းပြကာကွယ်ခဲ့သလို ဟာဗတ်ဇ်ကလည်း သေချာပေါက်ဂိုးရမဲ့အနေအထားကို လွဲချော်ခဲ့ပါတယ်။
ဒုတိယပိုင်း ၅၅ မိနစ်မှာ ဆာဗင်ညိုရဲ့ကန်တင်ပေးမှုကနေ ဟာလန်းက ခေါင်းတိုက် ချေပဂိုးသွင်းခဲ့ပေမဲ့ စက္ကန့်ပိုင်းအကြာမှာပဲ ဖိုဒန် လူပေးမှားတာကနေ ပါတေးက ဘောလုံးရပြီး ပယ်နယ်တီဧရိယာထိပ်က ကန်သွင်းချက်ဟာ ဂျွန်စတုန်းစ်နဲ့ထိပြီးတော့ လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့လို့ အာဆင်နယ် ဒုတိယဂိုးရခဲ့ပါတယ်။
၆၂ မိနစ်မှာ လူငယ်ကစားသမားလေး လူးဝစ်စကယ်လီက တစ်ကိုယ်တော်အစွမ်းနဲ့ တတိယဂိုးသွင်းယူခဲ့ပါတယ်။
အခုပွဲမှာ လူးဝစ်စကယ်လီဟာ ဘယ်ခြမ်းမှာ ခြေစွမ်းပြခဲ့ပြီး ဟာလန်းနဲ့ တစ်ယောက်ချင်း အနေအထားတွေမှာ အကောင်းဆုံး တားဆီးနိုင်ခဲ့သလို ခံစစ်၊ တိုက်စစ်ကို အတက်အဆင်းလုပ်ပြီးတော့ ကစားသွားနိုင်ခဲ့ပါတယ်။
၇၆ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ မာတင်နယ်လီ ပေးတာကို ဟာဗတ်ဇ်က ဂိုးသွင်းခဲ့ပြီး ဟာဗတ်ဇ်ဟာ မန်စီးတီးနဲ့ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၅ ဂိုး(၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ်)အထိ ရှိလာပါပြီ။
အာဆင်နယ်အတွက် ပဉ္စမမြောက်ဂိုးကိုတော့ လူငယ်ကြယ်ပွင့် နွမ်နယ်ရီက သွင်းယူခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ ၉ ပွဲနိုင်၊ ၅ ပွဲသရေကျခဲ့တာကြောင့် ဒါက နည်းပြဟောင်း အူနိုင်းအမ်မရီလက်ထက် သြဂုတ်လကနေ ဒီဇင်ဘာလနောက်ပိုင်း အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်သလို အာတီတာရဲ့ အာဆင်နယ်နည်းပြဘဝမှာ ပရီးမီးယားလိဂ်ရှုံးပွဲမရှိ ပွဲဆက်အများဆုံး မှတ်တမ်းဖြစ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းတစ်သင်းကို အကြီးမားဆုံးရလဒ်နဲ့ နိုင်ပွဲရယူခဲ့တာဖြစ်ပြီး မန်စီးတီးကတော့ ၂၀၁၇ ဇန်နဝါရီလတုန်းက အဲဗာတန်ကို ၄-၀ ဂိုးပြတ်ရှုံးပြီးနောက်ပိုင်း ပရီးမီးယားလိဂ်အဝေးကွင်းမှာ ဂိုးအပြတ်ဆုံးရှုံးပွဲနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။