ဒီ နောက်ပိုင်း နှစ်တွေမှာ အာဆင်နယ် အကယ်ဒမီ ဟေးအမ့်ကတော့ လူငယ်မွေးထုတ်ရေးမှာ တော်တော်လေးကို အတိတ်မှာ အားနည်းခဲ့တယ်လို့ ပြောရမယ်။ ဒါပေမယ့်လည်း နောက်ပိုင်း ဆာကာ၊ စမစ်ရိုးတို့ ထွန်းတောက်လာတယ်၊ အခုနောက်ဆုံး ထုတ်ကုန်က နွာနရီနဲ့ စကယ်လီ။

ဒီကောင်လေးနှစ်ယောက်က အာဆင်နယ်က အပြောင်းအရွှေမှာ ကစားသမားအသစ်ခေါ်ယူနိုင်လိုက်သလို ခြေစွမ်းပြနေတာကိုတွေ့ရတယ်။ ဒါက အာဆင်နယ်အကယ်ဒမီဟေးအမ့်ကနေ ဝီလ်ရှိုင်းယားကို မွေးထုတ်ပြီးနောက်ပိုင်း မမြင်ရတာကြာပြီဖြစ်တဲ့ အောင်မြင်မှုပါပဲ။

နွမ်နရီ

ဒီချာတိတ်က ဒီရာသီမှမဟုတ်။ ပြီးခဲ့တဲ့ရာသီမှာလည်း တစ်ပွဲစနှစ်ပွဲစ ဝင်ကန်ရတယ်။ ၂၃ပွဲကစားထားပြီး ၆ ဂိုးသွင်းပြထားတယ်။ ဒါပေမယ့် နွမ်နရီကစားရတဲ့ ၂၃ပွဲမှာ ပွဲပြီးခါနီးမှလူစားဝင်ကစားရတဲ့ပွဲက ပိုများတယ်။

အာတီတာက လူငယ်တွေကို အခွင့်အရေးပေးဖို့ အမြဲတမ်းလက်တွန့်နေပေမယ့် ဒီချာတိတ်က အသင်းအတွက် ကစားရတိုင်း တစ်ခုမဟုတ်တစ်ခုလုပ်ပြနေကျ။

သူ့ရဲ့ ညာတောင်ပံကနေရော်ဘင်စတိုင်ဝိုက်ကန်တာလေးတွေက သူ့ရဲ့ trademark လိုတောင်ဖြစ်နေပြီ။ နောက်ပြီးတော့ ဘောလုံးအထိန်းအသိမ်းနဲ့အလိမ်အခေါက်လေးတွေကလည်း ညက်ညောတာကြောင့် အာဆင်နယ်ပရိတ်သတ်တွေ ဆာကာဒဏ်ရာရနေတာကိုတောင်မေ့ကုန်ကြပါပြီ။

လီဝစ်စကယ်လီ

ဒီကောင်လေးကတော့ ဒီရာသီမှ အာတီတာနေရာပေးလာတဲ့ ချာတိတ်လေးပဲ။ ကာလာဖီအိုရီရှိနေတဲ့ ဘယ်ခြမ်းခံစစ်မှာ ကာလာဖီအိုရီကို အရံခုံထိုင်ရတဲ့အထိ ခြေစွမ်းပြနေတာ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ စကယ်လီပါ။ မနေ့ကသူ့ရဲ့ အာဆင်နယ်ကစားသမားဘဝပထမဆုံး သွင်းဂိုးကို ရသွားတယ်။

ဂိုးသွင်းအပြီးသူ့ကို ပထမအကျော့က ‘ မင်းကဘယ်သူလည်း ‘ ဆိုပြီး ပြောထားတဲ့ ဟာလန်းကို သူ့ရဲ့ အောင်ပွဲခံဟန်အတိုင်း ပြန်အောင်ပွဲခံပြသွားတယ်။ ဒါက ဝီလ်ရှိုင်းယားနောက်ပိုင်း အာဆင်နယ်မှာ သိပ်မမြင်ရတော့တဲ့ ဇပဲ။

ဘောလုံးဆွဲပြေးတာ တအားကောင်းတယ်။ ခံစစ်မှာအမှားနည်းတယ်။ လူငယ်ကစားသမားတစ်ဦးလို့မထင်ရလောက်အောင် ပွဲစဉ်တိုင် ဒီခြေစွမ်းနဲ့စကယ်လီကို အာဆင်နယ်တို့ခံစစ်ပိုင်းမှာ နောက်နှစ်ပေါင်းများစွာ အားကိုးရဦးမှာပါ။

ဒေးဗစ်အော်စတိန်းကတော့ အာဆင်နယ်တို့ ဒီကြယ်ပွင့်တွေကိုနှစ်ရှည်စာချုပ်ချုပ်ဖို့ သဘောတူညီမှုရသွားပြီလို့ ပြောထားတယ်။ အာဆင်နယ်အတွက်တော့ သမင်မွေးရင်း ကျားစားရင်း ဖြစ်ခဲ့တဲ့ အတိတ်ကအမှားတွေကို အကောင်းဆုံးသင်ခန်းစာယူနိုင်ခဲ့ပြီလို့ ပြောရမှာပါ။

ကမ္ဘာ့အဆင့်ကစားသမားတွေကိုလည်း နှစ်စဉ်တိုင်းတစ်ယောက်နှစ်ယောက်လောက် ခေါ်ယူမယ်၊ နွမ်နရီနဲ့စကယ်လီတို့လို အရည်အချင်းရှိတဲ့ လူငယ်လေးတွေကိုလည်း အသင်းမှာဆက်ထိန်းထားမယ်ဆိုရင်တော့ ပရိတ်သတ်တွေတအားမြင်ချင်တဲ့ အောင်မြင်မှုတွေကို ရယူနိုင်မှာလည်းဖြစ်ပါတယ်။