အာဆင်နယ်အသင်း တိုက်စစ်မှူး အူဘာမီယန်းက သူ့ရဲ့ အသက် ၃၀ ပြည့် မွေးနေ့နဲ့အတူ ဂန်းနားအသင်းသားဘဝမှာ ပထမဆုံး ရွေးချယ်လိုခဲ့တဲ့ ကျောနံပါတ်နဲ့ နံပါတ် ၁၄ ကို ဝတ်ဆင်ရခြင်း အကြောင်းရင်းတွေကို ဖြေကြားမှု လုပ်လာခဲ့ပါတယ်။

မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက ၂၀၁၈ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဒေါ့မွန်ကနေ ပေါင် ၅၆ သန်းနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်သမားဟာ မနှစ်ကရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို နာမည်ကျော် တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ မာနေးတို့နဲ့ ပူးတွဲ အနိုင်ရခဲ့သူဖြစ်တယ်။

အူဘာမီယန်းနဲ့ လာကာဇက်တီတို့ဟာ ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ်တွဲလုံးထဲမှာ ပါဝင်ပြီး ဂါဘွန်သား တိုက်စစ်သမားကို တရုတ်ကလပ်တွေဘက်က မြင့်မားတဲ့ လုပ်ခလစာတွေနဲ့ ကမ်းလှမ်းမှုတွေ ရှိနေတာဖြစ်ပါတယ်။

အူဘာမီယန်းက ” အာဆင်နယ်ကို ပြောင်းခါစက ပထမဆုံး လိုချင်ခဲ့တဲ့ ကျောနံပါတ် က နံပါတ် ၇ ပါ။ ဒါပေမယ့် မီခီက ယူထားပြီးဖြစ်လို့ ကျောနံပါတ် ၁၄ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီနံပါတ်ကို ဝတ်ဆင်ရတာအတွက်လည်း ဂုဏ်ယူပါတယ်။

” အာဆင်နယ်က ကျနော် အရမ်းလေးစားရတဲ့ အသင်းပါ။ ကလပ်အသင်းရဲ့ သမိုင်းကြောင်းနဲ့အတူ အသင်းမှာ တိုက်စစ်သမားတိုင်းရဲ့ စံပြဖြစ်တဲ့ အွန်နရီလို ကစားသမား ရှိခဲ့ပါတယ်။ ကျနော်ကလည်း သူ့ကို အများကြီး အတူယူခဲ့ရသူပါ။ ကျောနံပါတ် ၁၄ ကို ရွေးချယ်ဖြစ်ခဲ့တာက သူ့ကြောင့်ပါပဲ ” လို့ ရှင်းပြသွားပါတယ်။