ဒီ့မနက် အစောပိုင်းက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ အာဆင်နယ် ကာရာဘောင်းဖလား ဆီမီးဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်တို့ ၂ ဂိုးပြတ် ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၄ – ၀ နဲ့ ကျန်နေရစ်ခဲ့ရပြီ ဖြစ်ပါတယ်။

တောက်လျှောက် ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အာဆင်နယ်အသင်းဟာ ယခုတစ်ခေါက်ပွဲစဉ်မှာတော့ နယူးကာဆယ်အသင်းတိုက်စ်ကို ထပ်မံထိမ်းချုပ်နိုင်ဖို့ ခက်ခဲခဲ့ရပြီး နယူးကာဆယ်တို့ကတော့ တစ်သင်းလုံး အတက်အဆင်းမှန်မှန်နဲ့ လိုချင်နေတဲ့ ရလဒ် ရယူနိုင်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ ယခုပွဲမှာ အိုက်ဆက်ခ်ကို တစ်ဉီးထဲ အထောင်တိုက်စစ်နေရာက အသုံးပြုသွားခဲ့ပြီး မာဖီ၊ ဂူမာရက်စ်၊ တိုနယ်လီ၊ ဂေါ်ဒင်တို့ရဲ့ ကွင်းလယ်အစုအဖွဲ့နဲ့အတူ နောက်တန်း ၅ ဦးအထိ အသုံးပြုလာခဲ့ပါတယ်။

အာဆင်နယ်ကတော့ ဟာဗက်ဇ်၊မာတင်နယ်လီ၊ ထရော့ဆက်၊ ရိုက်စ်၊ ပါတေး၊ အော်တီဂတ်တို့လို ပုံမှန်ကစားသမားတွေနဲ့ပဲ ပွဲထွက်လာခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ပိုင်း အားထုတ်မှုမျိုး မရှိခဲ့တာကြောင့် သွင်းဂိုးတစ်ဂိုးမှ မရယူနိုင်ခဲ့ပါဘူး။

ယခုတစ်ခေါက်ပွဲမှာ နယူးကာဆယ်အသင်းတောင်ပံတွေက အတော်လေးကို အလုပ်ဖြစ်ခဲ့ပြီး ပထမတစ်ခေါက် အာဆင်နယ်ကို အိုက်ဆက်ခ် ဒုက္ခပေးခဲ့သလို ယခုတစ်ခေါက်မှာတော့ ဂေါ်ဒင်၊ မာဖီတို့လို တောင်ပံတွေကနေ တိုက်စစ်ကို ပုံသွင်းခဲ့ကြပါတယ်။

ယနေ့ပွဲရဲ့ အဖွင့်ဂိုးကို ပွဲကစားချိန် မိနစ် ၂၀ မှာကတည်းက မာဖီက နယူးကာဆယ်အတွက် စတင် သွင်းယူပေးခဲ့တာ ဖြစ်ပြီး အာဆင်နယ်တို့ ချေပဂိုးရဖို့ ကြိုးစားနေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂေါ်ဒင်က ထပ်မံသွင်းယူသွားခဲ့ပြန်တာကြောင့် အာဆင်နယ်တို့ ၂ ဂိုးပြတ်နဲ့ ပွဲကို ဆက်ကစားနေခဲ့ရပါတယ်။

မိနစ် ၆၀ ကျော်မှာ အာဆင်နယ်အသင်းက စတာလင်း၊ မာရီနို၊ ကာလာဖီအိုရီ နဲ့ ဂျော်ဂျင်ဟိုတို့ကို လူစားထည့်သွင်းအသုံးပြုခဲ့ပေမယ့် အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးမချနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၄ ဂိုးပြတ်နဲ့ နယူးကာဆယ် အသင်းကသာ ဖိုင်နယ်တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။