အာဆင်နယ်၊ အေစီမီလန်တို့ ချိတ်ဆက်နေတဲ့ ဒိန်းမတ်သား ခံစစ်မှူး အန်ဒါဆန်ကို ခေါ်ယူဖို့ စပါးအသင်းဟာ ဆမ်ဒိုးရီးယားအသင်းနဲ့ အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ထားပါတယ်။ ကစားသမားကတော့ ဒီနွေမှာ လက်ရှိကလပ်အသင်းက ထွက်ခွာမယ်လို့ BT Sports မှာ ဖြေကြားထားပါတယ်။

အူဘာမီးယန်းက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို လီဗာပူးမှ ဆာလက်၊ မာနေးတို့နဲ့ ပူးတွဲ ရရှိတာအတွက် ဂုဏ်ယူကြောင်းနဲ့ အာဖရိက ကိုယ်စားပြု အနေနဲ့ အောင်မြင်မှု ပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဝက်စ်ဘရွန်းအသင်းဟာ အာဆင်နယ် ခံစစ်မှူး ဂျက်ကင်ဆန်ကို ခေါ်ယူဖို့ ဆွေးနွေးမှု ပြုလုပ်နေကြောင်း စကိုင်းစပေါ့ သတင်းမှာ ဖော်ပြ ထားပါတယ်။ အသက် ၂၇ နှစ်ရှိပြီ ဖြစ်တဲ ဂျက်ကင်ဆန်ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အတွက် ၈ ပွဲသာ ကစားထားရလို့ ပွဲထွက် ကစားခွင့် ပိုရမယ့် အသင်းဆီ ပြောင်းရွှေ့လိုနေပါတယ်။

အာဆင်နယ်အသင်းဟာ ခံစစ်ကြောင်း ဆိုးဝါးစွာ ယိုယွင်းနေမှုကို ပြုပြင်ဖို့ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်လိုအပ်နေပြီး ငွေကြေးအတွက် အိုဇေး၊ မီခီတာရန်နဲ့ တော်ရဲရားတို့ကို ရောင်းချကာ ရှာဖွေသင့်ကြောင်း ဂန်းနားဟောင်းကြီး ချာလီနစ်ကိုးလပ်စ်က အကြံပြုစကား ဆိုလိုက်ပါတယ်။

ဘွန်ဒက်လီဂါမှ လိုက်ပ်ဇစ်အသင်းဟာ အာဆင်နယ်အသင်း လူငယ်ကစားသမား စမစ်ရိုဝီကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။ အသက် (၁၈)နှစ်သားလေးကို လိုက်ပ်ဇစ် နီဂယ်လ်မန်းစ်အနေနဲ့ ထပ်မံ အငှားခေါ်ယူလိုနေတာပါ။

အီတလီသို့ ပြန်လိုနေတဲ့ ကွင်းလယ်ကစားသမား တော်ရဲရားကို အေစီမီလန်အပြင် နာပိုလီအသင်းကလည်း ခေါ်ယူလိုလာပါတယ်။ အာဆင်နယ် အနေနဲ့ တော်ရဲရားကို ဆက်လက် ထိန်းသိမ်းဖို့ အခက်အခဲ ရှိလာပါတယ်။

အာဆင်နယ် တိုက်စစ်မှူး အူဘာမီးယန်းဟာ ဒီနွေမှာ ၄င်းကို ချိတ်ဆက်မှုတွေ အသင်းပြောင်းရွှေ့မယ့် သတင်းတွေ ဆက်တိုက် ထွက်နေ ပေမယ့် လန်ဒန်ကလပ်မှာပဲ ဆက်နေသွားမယ်လို့ အရိပ်အမြွက် ဆိုလိုက်ပါတယ်။ ၄င်းကို တရုတ် စူပါလိဂ် ကလပ်တွေက မက်မောဖွယ် လစာနဲ့ ကမ်းလှမ်းထားပြီး ယူနိုက်တက်ကလည်း ကြိုးပမ်းလာပါတယ်။