မန်ယူတိုက်စစ်မှူး လူကာကူက ဇူလိုင် လဆန်းပိုင်း မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီကြိုကာလ ခရီးစဉ် မစတင်ခင်ပဲ ၄င်း အနာဂတ်ကို ရှင်းရှင်းလင်းလင်း ဖြစ်စေလိုနေပါတယ်။ ဘယ်လ်ဂျီယံသားဟာ ဒီနွေမှာ ယူနိုက်တက်က ထွက်ဖို့ ရေပန်းစားနေသူ ဖြစ်ပြီး အင်တာမီလန်က အလေးအနက် ချိတ်ဆက်မှုတွေ ရှိထားပါတယ်။

အင်တာမီလန်ဘက်က လူကာကူအတွက် တိုက်စစ်မှူး အိုင်ကာဒီနဲ့ ငွေသားအနည်းငယ် ထည့်သွင်း ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။ မန်ယူက လူကာကူအတွက် ပေါင် သန်း ၈၀ တောင်းဆိုထားပြီး အင်တာဘက်က ငွေသားလျှော့ချနိုင်ဖို့ အိုင်ကာဒီ ပါ ထည့် ကမ်းလှမ်းမှာပါ။

မန်စီးတီးဟာ မန်ချက်စတာ ဒါဘီပြိုင်ဘက် မန်ယူအသင်း အလိုရှိနေတဲ့ စီးရီးအေကလပ် နာပိုလီအသင်းမှ ဗဟိုခံစစ်မှူး ကူလီဘာလီကို ပေါင် ၈၅ သန်းနဲ့ ဝင်ရောက် ကမ်းလှမ်းခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြသွားပါတယ်။

ဖာနန်ဒက်ရဲ့အေးဂျင့်ဟာ သူ့ကစားသမားအတွက် အပြောင်းအရွှေ့ဆိုင်ရာ စကားပြောဖို့ရာ အင်္ဂလန်ကို လာရောက်ပြီလို့ သိရပါတယ်။ ပေါ်တူဂီသားကို ခေါ်ယူနိုင်ဖို့ မန်ယူနဲ့ စပါးတို့က ရေပန်းစားနေပါတယ်။

မန်ယူနဲ့ မန်စီးတီးတို့ အပြိုင် ပစ်မှတ်ထားနေတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ဒီကလန် ရိုက်စ်ကို ရောင်းချဖို့ စိတ်ကူးမရှိကြောင်း ၀က်စ်ဟမ်း အသင်းက နှစ်သင်းလုံးထံ အကြောင်းပြန်လိုက်ပါတယ်။

နည်းပြဆိုးရှားဟာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဘုန်းမောက်အသင်းမှ အသက် (၂၁)နှစ်အရွယ် ဝေးစ် လက်ရွေးစင် ကစားသမား ဒေးဗစ်ဘရွတ်ခ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အသင်းလက်မဲ့ ဖြစ်နေတဲ့ မန်ယူနိုက်တက်နည်းပြဟောင်း ဂျို့စ် မော်ရင်ညိုက ကလပ်အသင်းထက် နိုင်ငံလက်ရွေးစင် အသင်း တစ်သင်းသင်းကို ကိုင်တွယ်ပြီး နည်းပြ အဖြစ် ပြန်လာလိုကြောင်း ဖွင့်ဟလိုက်ပါတယ်။

မန်ယူအသင်းဟာ နောဝစ်အသင်းမှ အသက် (၁၉)နှစ် အရွယ် ညာခြမ်းခံစစ် လူငယ်ကစားသမား မက်စ် အာရွန်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။ ဒီအပြောင်းအရွှေ့မှာ မန်ယူက လူငယ်ခြေထက်လေးများကို ပို ဦးစားပေး ပစ်မှတ်ထားနေပါတယ်။

မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာက ရီးရဲလ်မက်ဒရစ်ထက် အသင်းဟောင်း ဂျူဗင်တပ်ထံ ပြန်သွားဖို့ လိုလားနေတယ်လို့ စကိုင်းစပေါ့မှာ ဖော်ပြသွားပါတယ်။ အသက် ၂၆ နှစ်အရွယ် ပြင်သစ်သားက အိုးထရက်ဖို့ဒ်မှ ခွာလိုပြီ ဖြစ်ပေမယ့် ယူနိုက်တက်ကတော့ ပေါ့ဘာကို ဆက် ထိန်းထားနိုင်မယ် ယုံကြည်ဆဲပါ။