အာဆင်နယ်အသင်းဟာ လက်ရှိ ၂၀၂၄-၂၅ ရာသီမကုန်ဆုံးမီ အီဒူးနေရာမှာ အားကစားဒါရိုက်တာသစ် အစားထိုး ခန့်အပ်နိုင်ရေး လုပ်ဆောင်နေပါတယ်။

ဒီအတွက်လည်း အာဆင်နယ်ဟာ ရာထူးမှ ထွက်ခွာသွားတဲ့ အီဒူးနေရာမှာ အစားထိုးခန့်အပ်မဲ့ အားကစားဒါရိုက်တာစာရင်းကို လျာထားမှု ပြုလုပ်ထားပြီ ဖြစ်ပါတယ်။

ဒီ ရာသီမကုန်ဆုံးမီ ခန့်အပ်ကာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် လှုပ်ရှားရေး ကြိုတင်ပြင်ဆင်မယ် လို့ The Athletic က ဖော်ထုတ်ခဲ့တာပါ။

အာဆင်နယ်အားကစားဒါရိုက်တာအီဒူးဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက ရာထူးမှ နုတ်ထွက်သွားခဲ့တာ ဖြစ်ပြီး အေဂျင်အေတိုအား ယာယီခန့်အပ်ထားပါတယ်။

ယခုအခါ အာဆင်နယ်ဟာ အားကစားဒါရိုက်တာရာထူးအတွက် အပြီးသတ်လျာထားစာရင်း ပြုလုပ်ထားပြီး ဖြစ်ကာ ယင်းအထဲတွင် ယူနိုက်တက်အားကစားဒါရိုက်တာဟောင်းဒင်းအက်ရှ်ဝတ်လည်း ပါဝင်ပါတယ်။

အခြားပါဝင်ကြသူများမှာ အင်ဒရေဘာတာ၊ ရောဘတ်တိုအိုလာဘီ၊ တီယာဂိုဆကူရိုနှင့် ပီအက်စ်ဂျီရဲ့ လူးဝစ်ကမ်ပို့စ်တို့ ပါဝင်ကြောင်း သိရပါတယ်။ ဒါပေမဲ့ ကမ်ပို့စ်ကတော့ ရေပန်းစားခြင်း မရှိပါဘူး။

အီဒူးဟာ ၂၀၁၉ ခုနှစ်တွင် အာဆင်နယ်မှာ နည်းစနစ်ဒါရိုက်တာအဖြစ် ရောက်လာပြီးနောက် လက်ရှိ နည်းပြအာတီတာကို အာဆင်နယ်သို့ ခေါ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ယင်းနောက် သူဟာ ၂၀၂၂ ခုနှစ်မှာ အားကစားဒါရိုက်တာအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခံခဲ့ရပါတယ်။