ချန်ပီယံလိဂ်မှာ ရီးရဲလ် မက်ဒရစ်ကို မရှုံးဖူးသေးတဲ့ တစ်သင်းတည်းသော အင်္ဂလိပ်ကလပ်ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ မနေ့ညက အီမရိတ်စ်မှာ တကယ့်ကို ထိုက်ထိုက်တန်တန်နဲ့ ခြေစွမ်းပြကာ ၃-ဝ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
အခုပွဲမှာ အာဆင်နယ်ကစားသမားတွေ က သေချာပေါက်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုမျိုးတွေ့ခဲ့ရပြီး တကယ်လည်း ကွင်းတွင်းခြေစွမ်းအရ အာဆင်နယ်ကစားသမားတစ်ယောက်ချင်းစီဟာ ကိုယ်လုပ်ရမဲ့တာဝန်ကို ရာနှုန်းပြည့်စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။
ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာများနေတဲ့အတွက် အန်ဆယ်လော့တီက လူငယ်နောက်ခံလူ ရာအူးလ်အဆန်စီယိုကို ရူဒီဂါနဲ့တွဲဖက်အသုံးပြုခဲ့သလို ကွင်းလယ်လူ ဗယ်လ်ဗာဒီကိုလည်း Right Full Back အဖြစ် ကစားစေခဲ့ပါတယ်။
လူမှန်နေရာမှန်မဟုတ်တဲ့ ရီးယဲလ်ခံစစ်က ဆိုးရွားခဲ့ပြီး ကွင်းလယ်မှာ ကာမာဗင်ဂါ Box To Box ကစားပေမဲ့ သူက Defensive Awareness သိပ်မရှိလို့ ခံစစ်ကို ပြန်ကူနိုင်မှု အားနည်းခဲ့ချိန်မှာ ဝါရင့်ကစားသမားမိုဒရစ်ကလည်း ကွင်းလယ်ကို မထိန်းကြောင်းနိုင်တာကြောင့် ရီးယဲလ်ကွင်းလယ်နဲ့ခံစစ်ကြားမှာ နေရာလွတ်တွေဖြစ်ခဲ့ရပါတယ်။
အာဆင်နယ်အသင်းက မာတင်နယ်လီ၊ ဆာကာတို့ဟာ Wide Space တွေမှာနေရာယူပြီးတော့ ရီးယဲလ်ခံစစ်ကို ချဲထုတ်ခဲ့သလို လွတ်သွားတဲ့ Space တွေကနေ ဒီကလန်ရိုက်စ်၊ အော်ဒီဂါ၊ မာရီနိုတို့က ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပါတယ်။
ရီးရဲလ်တိုက်စစ်ကစားသမား ရိုဒရီဂိုကို ညာခြမ်းမှာ ဘာမှမလုပ်နိုင်အောင် ထိန်းချုပ်ခဲ့သလို Inverted Full Back ပုံစံနဲ့ ကွင်းလယ်ဝင်ပြီးတော့ ပါတေးကို ကူညီပေးခဲ့ပြီး တိုက်စစ်လိုက်ပါမှုကလည်း တော်တော်လေး ကျေနပ်စရာကောင်းခဲ့ပါတယ်။
ပထမပိုင်းမှာကတည်းက ဒီကလန်ရိုက်စ်ရဲ့ အပိုင်ခေါင်းတိုက်ချက်၊ မာတင်နယ်လီရဲ့ Rebound ကန်ချက်တွေကို ကော်တွာ လက်စွမ်းပြ မကာကွယ်နိုင်ရင် ရီးရဲလ်တို့ စောစောစီးစီး ဂိုးပေးရဖို့ရှိပါတယ်။
ပွဲကို အလှည့်အပြောင်းစဖြစ်ခဲ့တာက ၅၈ မိနစ်မှာရခဲ့တဲ့ ဖရီးကစ်ဂိုးဖြစ်ပြီး ဒီကလန်ရိုက်စ်ဟာ ဒေးဗစ်ဘက်ခမ်များ ဝင်ပူးသလားလို့ထင်ရအောင် ဝေ့ဝိုက်ကန်ချက်နဲ့ လှလှပပသွင်းယူခဲ့ပါတယ်။
မိနစ် ၇၀ မှာ အာဆင်နယ်တို့ ဒုတိယအကြိမ် ဖရီးကစ်ရခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း ဒီကလန်ရိုက်စ်က ဆယ်ပြားစေ့ထောင့်ထဲကို လှလှပပ သွင်းယူခဲ့ပြန်ပါတယ်။
အဲဒီနောက် ၅ မိနစ်အကြာမှာပဲ လူးဝစ်စကယ်လီ ချိုးပေးတာကနေ မာရီနိုက ဘယ်ခြေနဲ့အလိုက်သင့် ပိတ်သွင်းခဲ့တာကြောင့် အာဆင်နယ်တို့ တတိယဂိုးရခဲ့ပါတယ်။
အဲဒီမတိုင်ခင် မာတင်နယ်လီ၊ မာရီနိုတို့ရဲ့ ကန်ချက် ၂ ကြိမ်ကို ကော်တွာ ကာကွယ်နိုင်ခဲ့ပြီး အခုပွဲမှာ ကော်တွာရဲ့ Saves တွေသာမရှိရင် လက်ရှိချန်ပီယံကြီး ၆ ဂိုးပြတ်လောက်နဲ့ မရှုမလှရှုံးဖို့ရှိပါတယ်။
အီမရိတ်စ်မှာ လိုအပ်တဲ့ နိုင်ပွဲရခဲ့သလို ၃-၀ ဂိုးပြတ်ရလဒ် ပိုင်ဆိုင်ခဲ့တာက အာဆင်နယ်အတွက် အတိုင်းထက်အလွန်ဖြစ်စေပြီး ဆီမီးဖိုင်နယ်ရောက်ဖို့ ခြေတစ်လှမ်း လှမ်းနိုင်ပြီလို့ ပြောရမှာပါ။