ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲ ချယ်ဆီး၊ မန်စီးတီးနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်းများစွာ ပါဝင် ကစားပေးခဲ့တဲ့ ဂန္တဝင် ကွင်းလယ်ကစားသမားကြီး ဖရန့်လမ်းပတ်က သူ တွဲ ကစားဖူးသမျှ အသင်းဖော် ကစားသမားတွေထဲက အကောင်းဆုံး ငါးယောက်ကို ရွေးချယ်ပေးခဲ့ပါတယ်။

လမ်းပတ်ဟာ ချယ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ လုံး၊ အက်ဖ်အေ ဖလားလေးလုံး၊ ကားလင်းဖလား နှစ်လုံး အပြင် ချန်ပီယံလိဂ် ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီနောက် မန်ချက်စတာ စီးတီးအသင်းမှာ တစ်ရာသီ ဖြတ်သန်းခဲ့ပြီး မေဂျာလိဂ် ကလပ် နယူးယောက် ရပ်ဘူးလ်မှာ နောက်ဆုံး ကစားခဲ့တာပါ။

သူ တွဲကစားခဲ့ဖူးသမျှ အသင်းဖော်တွေထဲမှာ အကောင်းဆုံး ကစားသမားအဖြစ် ချယ်ဆီးမှ ဂျွန်တယ်ရီနဲ့ ဒီဒီယာ ဒရော့ဘာတို့ကို လမ်းပတ်က ရွေးချယ်ခဲ့ပါတယ်။

“တစ်ဦးချင်း ထူးချွန်ပေမယ့် ဖလားအများကြီး မရခဲ့တဲ့ ဘောလုံးသမားတွေ ရှိတယ်။ ဖလားတွေ အများကြီးရခဲ့ပေမယ့် တစ်ဦးချင်းစွမ်းရည် သိပ်မကောင်းတဲ့ ကစားသမားတွေလည်း မနည်းလှပါဘူး။ ဒါပေမဲ့ တစ်ဦးချင်းလည်း ထူးချွန်သလို ဆုဖလား အောင်မြင်မှုလည်း အများကြီးရခဲ့တဲ့ ကစားသမားမျိုးကတော့ သိပ်များများစားစား မရှိပါဘူး။ အဲဒီအနည်းစုထဲမှာ ဂျွန်တယ်ရီနဲ့ ဒီဒီယာ ဒရော့ဘာလည်း အပါအဝင်ပေါ့ “လို့ လမ်းပတ်က ဆိုပါတယ်။

တတိယ အကောင်းဆုံး အနေနဲ့ ဒီနွေမှာ ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့သူ အီဒင်ဟာဇက်ကို လမ်းပတ်က ရွေးခဲ့ပါတယ်။

“ကျွန်တော် တွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ ပါရမီ အရှိဆုံးကစားသမားကတော့ အီဒင်ဟာဇက်ပဲ ဖြစ်ပါတယ် ” လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။ စတုတ္ထနေရာမှာတော့ ဇိုလာကို သူက ရွေးချယ်ခဲ့ပါတယ်။

“ချယ်လ်ဆီးဖန်တွေအတွက် ဇိုလာဟာ တကယ့်သူရဲကောင်းတစ်ယောက်ပဲ၊ ပရီးမီးယားလိဂ်ခေတ်ဦးက ချယ်လ်ဆီးအကြောင်း ကျွန်တော်တို့ ပြောကြတဲ့အခါ ဇိုလာကို ချန်ခဲ့ဖို့ မဖြစ်နိုင်ပါဘူး ” လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ပဉ္စမနေရာမှာတော့ လမ်းပတ်က မန်စီးတီးတိုက်စစ်မှူး အဂူရိုကို အံ့အားသင့်ဖွယ် ရွေးချယ်ခဲ့ပါတယ်။

” ကျွန်တော် မန်စီးတီးမှာ အချိန်အကြာကြီး မဖြတ်သန်းခဲ့ပါဘူး။ ဒါပေမဲ့ အဂူရိုကိုတော့ တကယ်ပဲ အသိအမှတ်ပြုရပါတယ်။ တော်ရုံ တန်ရုံ တိုက်စစ်မှူးတွေ လေ့ကျင့်ရေးကွင်းမှာပဲ လုပ်နိုင်တဲ့ကိစ္စတွေကို အဂူရိုက တကယ့် ပြိုင်ပွဲတွေမှာ အကြိမ်ကြိမ် လုပ်ပြခဲ့တာပါ ” လို့ လမ်းပတ်က ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။