အာဆင်နယ်စတား ဂါဘရီရယ် မာတင်နယ်လီဟာ ခြေထောက်ကျိုးတဲ့အထိ ဆိုးရွားသွားနိုင်တဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းခေါင်းဆောင်ခရစ္စတီယန်နော်ဂတ်အား ဝေဖန်လာပါတယ်။
နော်ဂတ်ဟာ မနေ့ညတုန်းက တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ မာတင်နယ်လီအား နောက်မှ ညှစ်ကာ ဖျက်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အနီကတ်ပြသခြင်းမခံခဲ့ရဘဲ အဝါကတ်သာ ပြသခြင်းခံခဲ့ရပါတယ်။
မာတင်နယ်လီက “အဲဒီတုန်းက ကျုပ်ခြေထောက်သာ မြေပြင်ပေါ်မှာဆိုရင် ကျိုးသွားနိုင်တယ်။ သူက မရည်ရွယ်ဘူးလို့ ပြောတယ်။ သူ့အပေါ် ယုံပါတယ်။ ဒါပေမဲ့ သူလုပ်တာက ခြေထောက်ကျိုးသွားနိုင်တယ်။ ကျွန်တော့်အတွက် ဒါက အနီကတ်ပါ”လို့ ပြောကြားသွားပါတယ်။
မာတင်နယ်လီ ဖျက်ထုတ်ခံရပြီးနောက် အာဆင်နယ်နည်းပြအာတီတာဟာ စတုတ္ထဒိုင်လူကြီးထံသို့ ချက်ချင်းပြေးသွားပြီး အနီကတ်ပြသဖို့ ဖိအားပေးခဲ့ပါတယ်။
နော်ဂတ်နှင့် မာတင်နယ်လီတို့ဟာ ပထမပိုင်းအပြီးတွင် လက်ဆွဲနှုတ်ဆက်မှု ပြုလုပ်ခဲ့ပေမဲ့လည်း ပွဲအပြီးတွင် အချင်းများခဲ့ကြတာတွေ့ရပါတယ်။
ပွဲကတော့ အာဆင်နယ်နဲ့ ဘရန့်ဖို့ဒ်တို့ တစ်ဂိုးစီ သရေ ရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။