မန်ယူအသင်း ပစ်မှတ်ထားနေတဲ့ လက်စတာ ကွင်းလယ် တိုက်စစ်သမား ဂျိမ်းစ် မက်ဒီဆင်က မန်ယူ နည်းပြ ဆိုးလ်ရှားနဲ့ တိုက်ရိုက် ဆွေးနွေး ပြောဆိုခွင့်ရဖို့ တောင်းဆိုမှုပြုလုပ်ခဲ့တယ်လို့ အင်ဒီးပင့်ဒန့်သတင်းစာက ဖော်ပြသွားပါတယ်။

အသက် ၂၂ နှစ် အင်္ဂလန်သား ကစားသမားကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်အများစုက စိတ်ဝင်စားနေပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ မန်ယူအသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်ပါဝင်စားနေပါတယ်။ ဒါကြောင့်လည်း နည်းပြ ဆိုးလ်ရှားနဲ့ ပြောဆို ဆွေးနွေးကြည့်ချင်နေတာပါ။

မက်ဒီဆင်ဟာ သူသာ မန်ယူအသင်းကို ရောက်ရှိလာရင် အသင်းမှာ ဘယ်လောက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရမယ်ဆိုတာကို သိချင်နေတာဖြစ်ပါတယ်။ လက်စတာစီးတီး အသင်းဟာ မက်ဒီဆင်အတွက် တန်ကြေးကို ပေါင် သန်း ၆၀ အထိ သတ်မှတ်ထားပါတယ်။

လောလောဆယ်မှာ အင်္ဂလန် U21 အသင်းနဲ့ အတူ ဥရောပ U21 ချန်ပီယံရှစ်ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်နေတဲ့ မက်ဒီဆင်ဟာ မန်ယူ နည်းပြ ဆိုးလ်ရှားနဲ့ စကားပြောဆိုချင်ကြောင်း သူ့ရဲ့ အေးဂျင့်ကို အသိပေးထားပြီး ဖြစ်ပါတယ်။ မက်ဒီဆင်ရဲ့ အေးဂျင့်တွေက ယူရို U21 ပြိုင်ပွဲ အပြီးမှာ ဆိုးရှားနဲ့ တွေ့ဆုံခွင့်ရအောင် စီစဉ်လျက် ရှိပါတယ်။

မက်ဒီဆင်က ပြီးခဲ့တဲ့ရာသီက လက်စတာ အသင်းနဲ့ အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၇ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်သား ကွင်းလယ်ကစားသမား မက်ဒီဆင်ဟာ ပြီးခဲ့တဲ့ ရာသီအပြောင်းအရွှေ့ကမှ လက်စတာအသင်းကို နော့ဝစ်ခ်ျအသင်းထံကနေ မာရက်ဇ်ရဲ့နေရာအတွက် အစားဝင်ဖို့ ရောက်ရှိလာခဲ့သူပါ။

ဒါပေမယ့် မက်ဒီဆင်ဟာ အသင်းသစ်မှာ လျင်လျင်မြန်မြန် အထိုင်ကျခဲ့ပြီး လက်စတာအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်လာခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခေါ်ယူမှုတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ထားခဲ့ပါတယ်။