နာမည်ကြီး သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ မာ့ခ်လော်ရန်ဆင်(လော်ရိုး)က အာဆင်နယ်အသင်းဟာ အိုဒီဂတ် ကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားသင့်နေပြီလို့ တိုက်တွန်းလိုက်ပါတယ်။
အိုဒီဂတ် ဟာ PSG ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ခြေစွမ်းမပြနိုင်ဘဲ အောင်မြင်တဲ့ဘောလုံးပေးပို့မှု အကြိမ် ၂၀ သာရှိတာကြောင့် ဒီရာသီမှာ အဆိုးရွားဆုံး စွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး ဘောလုံးဆွဲပြေးမှု ၁ ကြိမ်၊ ပြိုင်ဘက်နဲ့တစ်ယောက်ချင်းအတွေ့ အသာယူနိုင်မှု ၂ ကြိမ်နဲ့ ဂိုးပေါက်ကန်ချက် ၁ ကြိမ်မှ မရှိခဲ့ပါဘူး။
အဲဒါကြောင့် မာ့ခ်လော်ရန်ဆင်က အိုဒီဂတ် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရတဲ့အတွက် သူ့ခြေစွမ်းအပေါ် ထိခိုက်မှုရှိစေတယ်လို့ သုံးသပ်ခဲ့ပါတယ်။
မာ့ခ်လော်ရန်ဆင်က ” အိုဒီဂတ် ကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားသင့်နေပါပြီ။ အဲဒါမှ သူလည်း သူ့ခြေစွမ်းအပေါ်ကို အပြည့်အ၀ အာရုံစိုက်နိုင်မှာပါ။ အိုဒီဂတ် ဟာ ကစားသမားကောင်းတစ်ယောက်ဆိုတာ ကျွန်တော်တို့အားလုံး သိထားပြီးဖြစ်ပေမဲ့ ဒီရာသီမှာ သူ့ရဲ့ စွမ်းဆောင်ရည်က ၁၀ မှာ ၆ လောက်သာရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သူ အိုဒီဂတ် ဟာ ၂၀၂၁ ခုနှစ်မှာ အာဆင်နယ်အသင်းနဲ့အပြီးသတ်စာချုပ်ပြီးတဲ့နောက် ၁ နှစ် အကြာမှာပဲ အာတီတာက သူ့ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ဘယ်သူ့ကို ခန့်အပ်သင့်သလဲဆိုတာနဲ့ပတ်သက်ပြီး မာ့ခ်လော်ရန်ဆင်က –
“တကယ်လို့သာ အသင်းခေါင်းဆောင်နေရာမှာ ဒက်ကလန်ရိုက်စ်ကိုသာ အစားထိုးခန့်အပ်မယ်ဆိုရင် ဒက်ကလန်ရိုက်စ်ဟာ အော်ဒီဂါလိုမျိုး ခြေကျသွားဖို့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ဝက်စ်ဟမ်းအသင်းမှာ အသင်းခေါင်းဆောင်တာဝန်ယူခဲ့ဖူးလို့ပါပဲ . .”
“ကျွန်တော်သာဆိုရင် အိုဒီဂတ် ခြေစွမ်းတိုးတက်အောင် အာရုံစိုက်နိုင်ဖို့အတွက် ဒက်ကလန်ရိုက်စ်ကို အသင်းခေါင်းဆောင်ရာထူး ပေးသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။