အာဆင်နယ်အသင်းဟာ PSG နဲ့ ချန်ပီယံလိဂ်ပွဲကို အာရုံ ပိုရောက်နေတာကြောင့် မနေ့ညက အိမ်ကွင်းမှာပဲ ဘုန်းမောက်ကို မထင်မှတ်ဘဲ ၂-၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။
အခုပွဲနိုင်ရင် အာဆင်နယ်တို့ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် စိတ်ချရသလောက်ဖြစ်သွားနိုင်ပေမဲ့ အမ်းမရိတ်စ်မှာ PSG ၊ ဘုန်းမောက်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ အာဆင်နယ်တို့ ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ၃၄ မိနစ်မှာ အော်ဒီဂါ ခင်းပေးတာကနေ ဒက်ကလန်ရိုက်စ်က သူ့ရဲ့ အာဆင်နယ်ကစားသမားဘ၀ ပွဲ ၁၀၀ ပြည့်မှာ အထိမ်းအမှတ် ဂိုးသွင်းယူခဲ့ပါတယ်။
PSG နဲ့ပွဲတုန်းက ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရတဲ့ အော်ဒီဂါဟာ အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ ဘုန်းမောက်တို့ ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိတဲ့အထိဖြစ်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ပုံစံကောင်းနဲ့ပြန်လာနိုင်ပြီး ၆၇ မိနစ်မှာ ဆီမန်ညိုရဲ့ လက်ပစ်ဘောကို လူငယ်ကြယ်ပွင့်နောက်ခံလူ ဒင်းဟွိုင်ဆင်က ခေါင်းတိုက်ပြီးတော့ ချေပဂိုးသွင်းခဲ့ပါတယ်။
ဒီဂိုးဟာ ၂၀၁၇ ဧပြီလတုန်းက လီဗာပူးလ်ဘက်ကို ဂျိုရှူအာကင်း ဂိုးသွင်းပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဘုန်းမောက်အသင်းအတွက် လက်ပစ်ဘောကနေ သွင်းယူနိုင်တဲ့ ပထမဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
၈ မိနစ်အကြာမှာပဲ ထောင့်ကန်ဘောကနေ အီဗန်နယ်လ်ဆင်က အနိုင်ဂိုးသွင်းယူခဲ့ပြီး အာဆင်နယ်အသင်းဟာ ၂၀၂၃ ဒီဇင်ဘာလတုန်းက လူတန်တောင်းနဲ့ပွဲနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှာ set-piece ကနေ ၂ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၂၂ ဇန်နဝါရီတုန်းက မန်စီးတီးနဲ့ပွဲနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲရဲ့ ပထမပိုင်းအပြီးမှာ ပြိုင်ဘက်ကို ဦးဆောင်ဂိုးသွင်းပြီးမှ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုး ပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်တို့ အနိုင်ရတဲ့အနေအထားကနေ အမှတ်လျော့ခဲ့တာက ၂၁ မှတ် အထိရှိခဲ့တာကြောင့် ၂၀၁၉-၂၀ ရာသီတုန်းက အဆိုးရွားဆုံး မှတ်တမ်းနဲ့ တူညီသွားပြီဖြစ်ပါတယ်။
ဘုန်းမောက်အသင်းကတော့ အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် အာဆင်နယ်ကို ပထမဆုံးအကြိမ် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရခဲ့သလို အမ်းမရိတ်စ်မှာ ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။