လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်က ပြီးခဲ့တဲ့နှစ်ကပဲ ဗန်ဒိုက်၊ အယ်လစ်ဆန်၊ ဖာဘင်ညို၊ ကိတ်တာတို့ကို ငွေကြေး သုံးစွဲကာ ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် ဒီနွေမှာ အခြားအသင်းတွေနည်းတူ ငွေသုံးပြီး ကစားသမား ခေါ်ယူမှုများ ပြုလုပ်ဦးမယ်လို့ အသိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ အနီးစပ်ဆုံး စိန်ခေါ်ပြီး ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့ပေမယ့် အရန် ကစားသမားအင်အား တောင့်တင်းမှုမှာတော့ ပြိုင်ဘက် စီးတီးကို မမှီနိုင်သေးဘဲ လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါကြောင့်လည်း လာမယ့် ဘောလုံးရာသီ အမှတ်ပေးဖလား ချန်ပီယံ ဖြစ်ဖို့ ပစ်မှတ်ထားနေတဲ့ လီဗာပူးက လိုအပ်သည်များကို ဖြည့်ဆည်းသွားဖို့ ရည်ရွယ်ထားတာပါ။

” လီဗာပူးအသင်းဟာ ဆုဖလား အောင်မြင်မှုတွေ ရယူဖို့ ရည်မှန်းချက် ကြီးမားတဲ့ အသင်းတစ်သင်းပါ။ တကယ်လို့ ကျနော်တို့က အခြား အသင်းတွေလို ငွေမသုံးဘူးဆိုရင် ကျနောတို့ လိုက် ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ တခြားအသင်းတွေ က သုံးနေရင် ကျနော်တို့လည်း သူတို့ နည်းတူ သုံးစွဲရပါမယ်။ ” လို့ ကလော့ပ်က ဂျာမန်သတင်းအစီအစဉ် တစ်ခုမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ တိုက်စစ်မှူး စတားရစ်၊ ဘယ်ခြမ်း ခံစစ် မိုရီနိုတို့ကို စာချုပ်ကုန်ဆုံးလို့ ထွက်ခွာခွင့် ပေးပြီး ဖြစ်ပေမယ့် ကစားသမားသစ် ခေါ်ယူနိုင်ခြင်း မရှိသေးပါဘူး။

လီဗာပူးက အေဂျက် ခံစစ်မှူး ဒီလစ် နဲ့ ရီးရဲလ်ဘက်တစ် ဘယ်နောက်ခံလူ ဂျနီယာဖာပို ကို ဆက်သွယ်မှုများ ပြုလုပ်ထားပြီး ပစ်မှတ်ထားနေတဲ့ ကစားသမား ၁၂ ယောက်လောက် ရှိထားပါတယ်။