မန်ယူအသင်းဟာ အသကသ် ၂၂ နှစ်အရွယ် အင်္ဂလန်သား ဂိုးသမားလေး ဒင်း ဟန်ဒါဆန်ကို ကာလရှည် သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်နေပြီး အတွေကအကြုံ ရရှိစေဖို့ အငှား ပြန်ချထားရန် စီစဉ်နေပါတယ်။

ဟန်ဒါဆင်ဟာ မန်ယူပရိသတ်တွေ နှစ်ခြိုက်အားပေးခြင်း ခံရသူဖြစ်ပြီး လက်ရှိမှာ အင်္ဂလန် ယူ၂၁အသင်းရဲ့ အဓိက ဦးစားပေးဂိုးသမားနေရာကို သိမ်းပိုက်ထားသူပါ။ ၄င်းကို မန်ယူက ပရီးမီးယားလိဂ်မှာ အတွေ့အကြုံရှိစေဖို့ ရှက်ဖီး ယူနိုက်တက်အသင်းထံ အငှားချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒင်း ဟန်ဒါဆင်ဟာ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့သူတစ်ဦးဖြစ်ပြီး မန်ယူအသင်း အမာခံ ပရိသတ် တစ်ဦး လည်း ဖြစ်ပါတယ်။ ဟန်ဒါဆင်က လက်ရှိ အသင်းကနေ ထွက်ခွာဟန် ပြနေတဲ့ ဒီဂီယာရဲ့နေရာကို ရယူနိုင်ဖို့အတွက် ပစ်မှတ် ထားနေပါတယ်။

မန်ယူအသင်းကတော့ ဒီဂီယာသာ ထွက်ခွာသွားပါက ဒုတိယ ဦးစားပေး ဂိုးသမား ရိုမီယိုကို ပွဲထွက် ဂိုးသမားအဖြစ် တိုးမြှင့်ပေးမှာပါ။ မန်ယူ သာ နောက်ထပ် ဂိုးသမားသစ် မခေါ်ခဲ့ရင် တတိယ ဂိုးသမား လီဂရန့်ကို ဒုတိယ ဦးစားပေး ဂိုးသမား ဖြစ်လာဖို့ ရှိပါတယ်။

ရှက်ဖီး ယူနိုက်တက် အသင်းဘက်ကတော့ ၄င်းတို့ကို ပရီးမီးယားလိဂ်ထံ ပြန်လည်ရောက်ရှိအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးခဲ့တဲ့ ဟန်ဒါဆင်ကို တစ်ရာသီအငှါးနဲ့ ဆက်လက် ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ မန်ယူအသင်း တာဝန်ရှိသူတွေကတော့ သက်တမ်းတိုး စာချုပ်ချုပ် ဆိုပြီးမှသာ ဟန်ဒါဆင်ကို အငှါးစေလွှတ်မယ်လို့ တုန့်ပြန်ထားပါတယ်။

မန်ယူ ဦးစားပေးဂိုးသမား ဒီဂီယာဟာ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေတာဖြစ်ပြီး အသင်းဘက်ကတော့ ဒီဂီယာကို လွယ်လွယ်ကူကူနဲ့ အသင်းကနေ ထွက်ခွာခွင့် ပြုမှာ မဟုတ်ပါဘူး။ ဒီဂီယာအနေနဲ့ကတော့ အသင်းဟာ သူအလိုရှိတဲ့ လစာ ပမာဏကို မပေးချေနိုင်ပါက ထွက်ခွာဖို့ စဉ်းစားနေပြီး ပီအက်စ်ဂျီအသင်းဘက်ကတော့ ဒီဂီယာ တောင်းဆိုမှုကို ပေးအပ်ဖို့ အသင့်ရှိနေပါတယ်။