အင်တာမီလန်ဟာ လူကာကူကို ဒီနွေမှာပဲ ခေါ်ယူလိုနေပါတယ်။ ဒါပေမယ့် အသုံးစရိတ် အဆင်မပြေလို့ အိုက်ကာဒီကို အရင် ရောင်းထုတ်မယ်လို့ သိရပါတယ်။

မန်ယူအသင်းရဲ့ လူငယ်ဂိုးသမား ဒန်ဟန်ဒါဆန်ဟာ ရိုမေးနီးယားနှင့် ကစာမယ့် ဥရောပ ယူ-၂၁ ပွဲစဉ်မှာ အင်္ဂလန်ရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပြင်သစ်နှင့်ပွဲစဉ်မှာ ကိုယ်ဂိုးကိုယ် သွင်းယူခဲ့တဲ့ ဝမ်ဘစ်စကာက အရံကစားသမားအဖြစ်သာ ပါဝင်လာခဲ့ပါတယ်။

မန်ယူဟာ ဂျူဗင်တပ်အသင်းက တိုက်စစ်သမား ဒိုင်ဘာလာကို စာချူပ်ပါ လျော်ကြေးပေးပြီး ခေါ်ချင်တယ်လို့ သိရပါတယ်။ မန်ယူဟာ ပေါ့ဘာကို ဂျူဗင်တပ်ထံ လက်လွတ်ရမယ်ဆိုရင် ကော်စတာကိုလည်း အစား ပြန်ခေါ်လိုနေပါတယ်။

မက်ဂွဲရားကို လက်မှတ်ထိုးခေါ်ယူဖို့အတွက် မန်ယူအား အနိုင်ယူရန် မန်စီးတီးအသင်းက စတင်ခြေလှမ်းလှမ်းနေပြီဖြစ်ကြောင်း သိလာရပါတယ်။

မန်ယူအသင်းရဲ့ တိုက်စစ်သမား ဆန်းချက်ကို ဘရာဇီးကလပ်ဖြစ်တဲ့ Palmeiras က အံ့သြသင့်ဖွယ်ဖြင့် အငှားကမ်းလှမ်းမှုကို ပြုလုပ်လာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ချက်ခြင်းပဲ ပယ်ချခံခဲ့ရတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဝမ်ဘစ်ဆာကာအတွက် အပြောင်းအရွှေ့ သဘောတူညီမှု ရခဲ့ရင် ဝမ်ဘစ်ဆာကာ အနေနဲ့ မန်ယူထံ ပြောင်းရွှေ့ဖို့ လုပ်ရိုးလုပ်စဉ်တွေ ပြီးမြောက်အောင် လုပ်ရမှာကို အင်္ဂလန် ယူ၂၁ နည်းပြ Aidy Boothyord က တားဆီးမှာ မဟုတ်ဘူးလို့ သိရတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပရီးမီးယားလိဂ် ကွင်းလယ်တွေဖြစ်တဲ့ ပေါ့ဘာနဲ့ အဲရစ်ဆန် နှစ်ဦးအနက် တစ်ဦးကိုပဲ ခေါ်ယူလိုပြီး ပေါ့ဘာကို ပိုမိုအလေးပေးခဲ့တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်ထံ ပြောင်းဖို့ သဘောတူညီမှု ရထားပြီလို့ သတင်းထွက်နေတဲ့ ရာဘီရော့ကို တစ်နှစ်လုပ်ခ ယူရို ၈ သန်း အပါအဝင် လက်မှတ်ထိုးကြေး ယူရို ၁၀ သန်းပေးမယ့် စာချုပ်တစ်ခုကို အသင်းဘက်က ထပ်မံကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

စပါးအသင်းဟာ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ရာ သွေးအေးသွားခဲ့ပါပြီ။ ကစားသမားအတွက် ပေါ်တူဂီကလပ်ဘက်က ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းအထက် တောင်းဆိုခြင်းကြောင့် လန်ဒန်ကလပ်ဘက်က နောက်ဆုတ်ခဲ့တာလို့ သိရပါတယ်။

အသင်းဟောင်း ဂျူဗင်တပ်အသင်းထံ အသည်းအသန် ပြောင်းချင်နေတဲ့ မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဆက်လက် စောင့်ဆိုင်းလိုခြင်း မရှိတော့တာကြောင့် ဂျူဗင်တပ်နည်းပြ ဆာရီထံ ကိုယ်တိုင် ဖုန်းခေါ်ပြီး စကားပြောဆိုခဲ့တယ်လို့ အီတလီသတင်းများမှာ ဖော်ပြလာပါတယ်။