ပေါ့ဘာက သူ့ကို အသင်းပြောင်းခွင့်ပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကပဲ မန်ယူအသင်း တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပြီး ၄င်းကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့က ချိတ်ဆက်မှုတွေ ရှိနေပြီလည်းဖြစ်ပါတယ်။ ပေါ့ဘာက ဆိုးရှားနဲ့ အရင် စကားပြောစဉ်က မန်ယူမှာ ဆက်နေဖို့ အခြေအနေကောင်းခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ စိတ်ပြောင်း သွားပြန်တာပါ။

အသင်း အစီအစဉ်များကို မတည်ငြိမ် ဖြစ်စေပြီး အပြောင်းအရွှေ့ ကိစ္စ အရှုပ်အထွေးများကို သယ်ဆောင်လာတာကြောင့် မန်ချက်စတာ ယူနိုက်တက် ကစားသမားအချို့ဟာ ကလပ်အသင်း ကောင်းကျိုးအတွက် ပေါ့ဘာကို ရောင်းထုတ်လိုက်ဖို့ တိုက်တွန်းနေကြ ကြောင်း သတင်းထွက်နေပါတယ်။

ပေါ့ဘာက မန်ယူအသင်း အ၀တ်လဲခန်းထဲမှာ စတား ဖြစ်နေပေမယ့် နည်းပြ ဆိုးရှား အနေနဲ့ သူ ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်မယ့် အသင်းတစ်သင်း တည်ဆောက်ဖို့ဆို ပေါ့ဘာကို ရောင်းထုတ်လိုက်တာကလည်း ကောင်းတဲ့ အချက် ဖြစ်နိုင်ပါတယ်။ ပေါ့ဘာ ရှိနေသမျှ အသင်းမှာ လှုပ်ခတ်မှုတွေနဲ့ ပြဿနာတွေ ရှိနေနိုင်တယ်လို့ မန်ယူအသင်း ကစားသမားတွေက ယူဆနေပါတယ်။

ဆိုးရှားကလည်း ပေါ့ဘာ ကို ရောင်းထုတ်ပြီး ကွင်းလယ်ကို အသစ်ပြင်ဆင်ဖွဲ့စည်းဖို့ စိတ်ကူးရှိနေပေမယ့် အမှုဆောင်အရာရှိချုပ် အက် ဝုဒ်ဝပ် ကတော့ ပေါ့ ဘာကို လက်မလွှတ်လိုပါဘူး။

မန်ယူနဲ့ ပေါ့ဘာရဲ့ လက်ရှိ စာချုပ်က သက်တမ်း ၂ နှစ်သာ ကျန်တော့ပြီး အက် ဝုဒ်ဝပ်က ပေါ့ဘာကို တစ်ပတ် လုပ်ခ ပေါင် ၅ သိန်းနဲ့ ငါးနှစ် သက်တမ်းတိုး စာချုပ် ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် ပေါ့ဘာက ဂျူဗင်တပ် နည်းပြသစ် ဆာရီဆီကို ဖုန်းခေါ်ပြီး သူ့ကို ခေါ်ယူဖို့ တောင်းဆိုခဲ့တယ်လို့ သိရပြီး မန်ယူကနေ ထွက်ခွာဖို့ ခြေလှမ်းပြင်နေပါတယ်။