မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက အသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒင်ဟိုဟာ ထူးချွန်တဲ့ ကစားသမားကောင်းပါလို့ ချီးကျူးပါတယ်။ ” ဖာနန်ဒင်ဟိုဟာ နှစ်တွေအကြာကြီး အသင်းနဲ့အတူရှိခဲ့ကာ မယုံနိုင်လောက်တာတွေကို စွမ်းဆောင်ပြခဲ့တယ်။ ကျနောတို့ အောင်မြင်ခဲ့တာတွေ အများကြီးအတွက် သူ့ကို ကျေးဇူးတင်ရပါမယ်။ သူလုပ်သလို လုပ်နိုင်တဲ့ ကစားသမားက နည်းနည်းလေးပဲရှိတယ်။ သူက တကယ်ကို မယုံနိုင်လောက်တဲ့ ကစားသမားကောင်းပါပဲ ” လို့ ချီးကျူးခဲ့ပါတယ်။

ချယ်ဆီးကို အရေးနိမ့်တဲ့ပွဲမှာ မန်စီးတီးဟာ ဒီရာသီ ဂိုးပေါက်ခြိမ်းခြောက်မှု အနည်းဆုံး ပြုလုပ်နိုင်တဲ့ထိ စွမ်းဆောင်ရည်ပိုင်း ထိခိုက်ရတဲ့ပွဲအဖြစ် မှတ်တမ်းဝင်ပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာလက် 2 ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ 4 ပွဲမြောက် 5 ပွဲမြောက် ပရီးမီးယားလိဂ်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။

ပီအက်ဂျီအသင်းဟာ ဒီဂျောင်းကို ခေါ်ယူဖို့ရာ ကြားဝင်ခဲ့ပေမယ့် နယ်သာလန်ကလပ်က ယူရို 75 သန်းထိ တောင်းခံခဲ့တာကြောင့် တွေ့ဆုံမှုကို ဆက်လုပ်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီဂျောင်းကို ခေါ်ယူဖို့ရာ မန်စီးတီးနဲ့ ဘာစီလိုနာတို့က အခွင့်အရေး ပြန်ရခဲ့ပြန်ပါပြီ။

ချယ်ဆီးအသင်းဟာ စတမ်းဖိုဒ့်ဘရစ်ခ်ျမှာ မန်စီးတီးကို အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပြီး ပွဲအပြီးမှာ ကန်တေ၊ လူးဝစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ 2-0 နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဧပြီလကတည်းက လိဂ်ပွဲ အရှူံးမရှိတဲ့ မန်စီးတီးကို ပထမဆုံး အနိုင်ယူပြတဲ့ ကလပ်အသင်းဖြစ်လာပါတယ်။

မန်စီးတီးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ချယ်ဆီးအသင်းဟာ တိုက်စစ်မှူးစစ် တစ်ဦးမှမပါတဲ့ False 9 ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ တိုက်စစ် သုံးဦးနေရာမှာတော့ ဟာဇက်၊ ဝီလီယမ်၊ ပက်ဒရိုတို့ကို ထည့်သွင်းခဲ့ပြီး တိုက်စစ်မှူး ဂျီရူးက အရန်စာရင်းမှာပဲ ပါဝင်လာပါတယ်။ မိုရာတာကတော့ အရန်လူစာရင်းမှာတောင် မပါလာတော့ပါဘူး။

ချယ်ဆီးနည်းပြ ဆာရီက အသင်းအနေနဲ့ အမှတ်ပေးဖလားရဖို့ ငွေကြေးလိုအပ်တာ မဟုတ်ဘဲ အချိန်တစ်ခု လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ပထမဆုံးရာသီမှာတော့ အမာခံ ကစားသမားတွေနဲ့ အသင်းကစားကွက်ကို လိုက်လျောညီထွေ ရှိလာအောင် အရင်ပျိုးထောင်ရာမှာဖြစ်ကာ အသင်းလိုက်ပိုင်းမှာ တိုးတက်လာဖို့ အများကြီး လိုအပ်နေသေးကြောင်းလည်း ၄င်းက ဆိုပါတယ်။

ဖူလ်ဟမ်ကို အိမ်ကွင်းမှာ 4-1 နဲ့ အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်ပရိသတ်တွေရဲ့ နှစ်သက်ခြင်းကို ခံခဲ့ရတဲ့ ကစားသမားကတော့ ညာအစွန်လူ ဒါးလော့ပဲဖြစ်ပါတယ်။ ဒါးလော့ဟာ ညာခြမ်းတစ်လျှောက် အတက်အဆင်း တည်တည်ငြိမ်ငြိမ်နဲ့ ကစားပြခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် 19 သန်းနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။

အိုထရတ်ဖိုဒ့်မှာ ဖူလ်ဟမ်ကို ရင်ဆိုင်ကစားတဲ့ ယူနိုက်တက်အတွက် တိုက်စစ်မှူး လူကာကူဟာ ပထမပိုင်းမှာ သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပါတယ်။ ဒါဟာ 2018 မတ်လ 31 ရက်နောက်ပိုင်း အိမ်ကွင်းမှာ သွင်းဂိုး တစ်ဂိုးပြန်ရခဲ့တာပါ။ ရက်ပေါင်း 252 ရက်နဲ့ ပွဲပေါင်း 14 ပွဲထိ စောင့်ခဲ့ရတဲ့ အိမ်ကွင်းသွင်းဂိုးခေါင်နေမှုက အဆုံးသတ်သွားပါပြီ။

ယူနိုက်တက်ကွင်းလယ်လူ မာတာဟာ ပရီးမီးယားလိဂ် သွင်းဂိုး 50 ပြည့်ဂိုးကိုယ်တော့ ယူနိုက်တက် ကစားသမားဘဝ လိဂ်ပွဲ 150 ပြည့်တဲ့ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး 50 ရတဲ့ စတုတ္ထမြောက် စပိန်ကစားသမားဖြစ်လာသလို ဂိုးထောက်ပံ့မှုမှာလည်း 50 ကြိမ်ထိ ပြုလုပ်ထားနိုင်ပါတယ်။

တော်တင်ဟမ်အသင်းဟာ လက်စတာအိမ်ကွင်း ကင်းပါဝါမှာ ပြိုင်ပွဲစုံ 7 ပွဲ ကစားထားပြီး 4 ပွဲ အနိုင်ရကာ 1 ပွဲ သရေ 2 ပွဲ ရှူံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ အဆိုပါ ရှူံးပွဲ နှစ်ကြိမ်တည်းက တစ်ကြိမ်ကတော့ မနှစ်က ကင်းပါဝါကွင်းမှာ သွားကစားစဉ် ရှူံးနိမ့်ခဲ့တာဖြစ်ပါတယ်။

တော်တင်ဟမ်မန်နေဂျာ ပိုချက်တီနိုက ဒီအပတ် အဝေးကွင်းမှာ သွားကစားရမယ့် လက်စတာနဲ့ပွဲဟာ စိန်ခေါ်မှုကြီး ဖြစ်လာမယ်လို့ အသင်းသားတွေကို သတိပေးလိုက်ပါတယ်။ ” လက်စတာ ကစားတာက ကောင်းပါတယ်။ သူတို့နဲ့ ယှဉ်ပြိုင်ကစားရတာက အမြဲတမ်း ခက်ခဲပြီး လက်စတာက ပြိုင်ဘက်ကောင်းပါ။ ကျနော်တို့အတွက် ခက်ခဲတဲ့ စိန်ခေါ်မှုလည်း ဖြစ်လာပါလိမ့်မယ် ” လို့ ပိုချက်က ပြောခဲ့တာပါ။

ဘုန်းမောက်နဲ့ပွဲမှာ ဟက်ထရစ် သွင်းခဲ့တဲ့ တိုက်စစ်မှူး မိုဆာလက်ဟာ လီဗာပူးအတွက် ပရီးမီးယားလိဂ် ဂိုး ၄၀ အမြန်ဆုံး ပြည့်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဆာလက်နောက် ဒုတိယနေရာမှာ ဖာနန်ဒို တောရက်စ်က ဂိုး ၄၀ ပြည့်ဖို့ ပွဲ ၆၀ ကစားခဲ့ရတာပါ။

လီဗာပူး ဂိုးသမား အယ်လစ်ဆန်ဟာ ပရီးမီးယားလိဂ် ဦးဆုံးပွဲ ၁၆ ပွဲဆက် ရှုံးပွဲ မရှိတဲ့ ပထမဆုံး လီဗာပူး ကစားသမား ဖြစ်လာပါတယ်။ အယ်လစ်ဆန်က မာရှေယာနိုရဲ့ ၁၅ ပွဲ ရှုံးပွဲ မရှိ ဦးဆောင်နေတဲ့ နေရာကို ဖြတ်ကျော်ခဲ့တာပါ။ ဒ့ါအပြင် ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၁၀ပွဲ ပေးဂိုး မရှိ ဖြစ်ပြီး ၆ ဂိုးသာ ပေးထားရပါတယ်။

ယာဂင်ကလော့ပ်က ထရန့်အလက်ဇန္ဒား အာနိုးကို အရန်ခုံမှာထားကာ ဂျိမ်းစ်မေနာကို ညာခြမ်းခံစစ်အဖြစ် ပွဲထွက်စေခဲ့ပါတယ်။ ဒါဟာ ကာယအားပြုတဲ့အပြင် မြန်နှုန်းမြင့်ကစားတဲ့ ဘုန်းမောက်ကို ရင်ဆိုင်ဖို့ လူငယ်လေးတွေ အဆင်သင့် အနေအထား ရှိမနေဘူး ယူဆတာကြောင့် ၀ါရင့်ကစားသမားကြီး မေနာကို သုံးခဲ့တာလို့ ကလော့ပ်က ဆိုပါတယ်။ မေနာက ကွင်းလယ်ကစားသမား ဖြစ်ပေမယ့် မိုရီနို အသင်းမှာ ခြေစွမ်းမပြနိုင်ချိန် ဘယ်ခြမ်းခံစစ်မှာလည်း ကာလရှည် ၀င်ကစားပေးခဲ့သူပါ။

အာဆင်နယ်အသင်းဟာ ဂိုးတွေ ခွင့်ပြုသင့်တာထက် ပိုပေးနေရပြီး ဒါတွေကို ရပ်တန့်ဖို့ လိုကြောင်း အမ်မရီက ဟက်ဒါဖီးနဲ့ပွဲမတိုင်ခင်မှာ ပြောကြားလိုက်ပါတယ်။ ပွဲကိုတော့ 1-0 နဲ့ အနိုင်ရခဲ့ပြီး clean-sheet ရခဲ့ပေမယ့် အမ်မရီက အာဆင်နယ်အသင်းကို တိုက်စစ် ခံစစ် ဟန်ချက်ညီအောင် ကြိုးစားနေဆဲပါ။

အာဆင်နယ်အသင်းက ချိတ်ဆက်နေတဲ့ သတင်းတွေ ထွက်နေပေမယ့် ဒမ်ဘီလီက ဘာစီလိုနာအသင်းအတွက်ပဲ ကြိုးစား ကစားပေးနေကာ အသင်းမှာ ဆက်ရှိသွားဖို့ ရှိတယ်လို့ ဘာစီလိုနာ ခံစစ်မှူး Nelson Semedo က လတ်တလော အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။

ဟက်ဒါဖီးကို အိမ်ကွင်းမှာ 1-0 နဲ့ အနိုင်ရတဲ့နောက် အာဆင်နယ်ဟာ ပွဲချိန် နောက်ဆုံး 10 မိနစ်မှာ ရမှတ် စုဆောင်းနိုင်မှု အမြင့်ဆုံး အသင်းဖြစ်လာပါတယ်။ နောက်ဆုံး 10 မိနစ်မှာ အာဆင်နယ်က ရမှတ် 8 မှတ်ရခဲ့ပြီး အနီးဆပ်ဆုံး အသင်းဖြစ်တဲ့ ယူနိုက်တက်က 4 မှတ်ရထားကာ ချယ်ဆီး၊ လက်စတာနဲ့ လီဗာပူးတို့က 3 မှတ်စီ ရထားကြပါတယ်။