ဒီနွေမှာ မန်ယူအသင်း ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ လိုင်ယွန်တိုက်စစ်ကြယ်ပွင့် မိုဆာ ဒမ်ဘီလီက အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ၄င်း သဘောထားကို ပွင့်ပွင့်လင်းလင်း ဖြေကြားမှု ပြုလုပ်လိုက်ပါတယ်။

အသက်(၂၂)နှစ်အရွယ် ပြင်သစ်သားလေး ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဆဲလ်တစ်ကနေ လိုင်ယွန်ကို ပေါင်(၁၉.၇)သန်း နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ၄င်းက လီဂူးဝမ်းပွဲဦးထွက်ရာသီမှာတင် အသင်းအတွက် (၂၃)ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်အပါအဝင် ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရသူပါ။

ဒါပေမယ့် ဒမ်ဘီလီက အသင်းပြောင်းမယ့် သတင်းတွေကို ငြင်းဆန်လိုက်ပြီး လာမယ့် ဘောလုံးရာသီမှာလည်း လိုင်ယွန် အသင်းမှာသာ ဆက်ရှိနေပြီး ကစားပေးသွားမှာဖြစ်ကြောင်း အတည်ပြုပေးလိုက်ပါတယ်။

ဒမ်ဘီလီက ” ကျနော့်ရဲ့ လက်ရှိ စာချုပ်ထဲမှာ နောက်ထပ် လေးနှစ်သက်တမ်းကျန်ရှိနေပါသေးတယ်၊ လာမယ့်ရာသီမှာ လိုင်ယွန်မှာပဲ ရှိနေမှာပါ” လို့ RMC Sport မှာ ဖြေကြားသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ လတုန်းက ဒမ်ဘီလီကို ကနဦး အနေနဲ့ ပေါင်(၃၅)သန်း နဲ့ကမ်းလှမ်းခဲ့တယ်လို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ မန်ယူက ဒီအပြောင်းအရွှေ့မှာ လူကာကူကို အင်တာမီလန်အသင်းထံ ရောင်းချဖို့ ပြင်ဆင်နေပြီး ၄င်းရဲ့နေရာမှာ အစားထိုးနိုင်မယ့် တိုက်စစ်မှူးအဖြစ် ဒမ်ဘီလီကို စောင့်ကြည့်နေတာပါ။

မန်ယူနဲ့ အင်တာမီလန်အသင်း ညှိနှိုင်းမှုမှာ လူကာကူအတွက် အင်တာဘက်က တိုက်စစ်မှူး အိုင်ကာဒီကိုလည်း တောင်းဆိုထားပြီး သဘောတူညီမှု မရရှိသေးပါဘူး။