၂၀၁၈-၂၀၁၉ ရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဆင့်ခြောက်နေရာသာ ရရှိခဲ့တာနဲ့အတူ ဆန်းချက်ဟာ တစ်ရာသီလုံး ပြိုင်ပွဲစုံမှာ နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး စိတ်ပျက်စရာ ရာသီ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လဲ သူဟာ နိုင်ငံအသင်းမှာ ကစားပုံက ပိုကောင်းခဲ့တာပါ။

ဆန်းချက်ဟာ ၂၀၁၈ ဇန်နဝါရီမှာ အိုးလ်ထရက်ဖို့ဒ်ထံ ရောက်ရှိခဲ့ပြီးကတည်းက ပြိုင်ပွဲစုံ ၄၅ ပွဲအတွင်း ငါးဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။ မန်ယူမှာ ရုန်းကန်နေရမှုတွေကြောင့်ပဲ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပြီး စီးရီးအေ ကလပ် အင်တာမီလန်က သူ့ကို စိတ်ဝင်စားနေပါတယ်။

ချီလီနည်းပြ Rueda က အိုးလ်ထရက်ဖို့ဒ်မှာ ဆန်းချက် ရုန်းကန်နေရတာက မန်ယူရဲ့ ဟန်ချက်ညီမှု မရှိခြင်းအတွက် ရောင်ပြန်ဟပ်မှု ဖြစ်တယ်လို့ ထင်နေပြီး သူဟာ နိုင်ငံအသင်းမှာလိုမျိုး ကလပ်နဲ့ ချစ်ခင်မှု မရှိဘူးလို့ ဆိုပါတယ်။

“နိုင်ငံအသင်းမှာ သူက စိတ်ပါဝင်စားမှု၊ ချစ်ခင်မှုနဲ့ ဆက်ဆံရေးကောင်း ရှိပါတယ်။ ဒါပေမယ့် မန်ချက်စတာမှာတော့ အဲ့လိုမျိုး မရှိပါဘူး။ သူက ခက်ခဲပြီး အဆင်မပြေတဲ့ အချိန်မှာ အသင်းကို ရောက်ခဲ့တာပါ။ ယူနိုက်တက်တို့ အဆင်မပြေဆုံး အချိန်မှာပေါ့။ ” လို့ Rueda က ဆိုခဲ့ပါတယ်။

ဆန်းချက်ကို အလိုရှိတဲ့ ကလပ်အသင်းတွေ များပြားသလို မန်ယူကလည်း ရောင်းထုတ်လိုပေမယ့် ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခကြောင်း ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေ နည်းပါးနေဆဲ ဖြစ်ပါတယ်။