အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီဟာ ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား ဇာဟာ ကို ခေါ်ယူနိုင်ရန် အတွက် အာဆင်နယ်အသင်း ဘုတ်အဖွဲ့ထံသို့ အပြောင်းအရွှေ့ စရိတ် ပိုပေးဖို့ တောင်းဆိုလိုက်ကြောင်း သတင်းများအရ သိရှိရပါတယ်။
အာဆင်နယ်က ဒီအပြောင်းအရွှေ့မှာ တောင်ပံကစားသမား တစ်ဦးခေါ်ယူရန် ရှာဖွေနေပြီး ပဲလေ့စ် အသင်းရဲ့ ကြယ်ပွင့် ကို ခေါ်ယူ လိုနေပေမယ့် ချန်ပီယံလိဂ် ၀င်ခွင့်မရခြင်းကြောင့် ဆွဲဆောင်နိုင်ရန် ခက်ခဲနေပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့ စရိတ် နည်းပါးနေတာက ကစားသမားကို စိတ်ကြိုက် ဈေးကစား ၀ယ်ယူဖို့လည်း အခက်တွေ့နေတာပါ။
ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို ရှုံးလိုက်တာကြောင့် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့တာကြောင့် အမ်မရီ ရထားတဲ့ ပြောင်းရွှေ့ကြေး အသုံးစရိတ်မှာ ပေါင် ၄၅ သန်း ခန့်သာ ရရှိထားပါတယ်။ အမ်မရီက အခြား ခံစစ်သမားများလည်း ၀ယ်ယူလိုနေတာကြောင့် ဒီ ပမာဏထဲမှာ လှုပ်ရှားရ ခက်ခဲနေပါပြီ။
ဒါပေမယ့် နောက်ဆုံးရ သတင်းများအရ စပိန်သား အမ်မရီဟာ ပေါင် ၅၅ သန်းတန် ပဲလေ့စ် တောင်ပံကစားသမားကို ခေါ်ယူလိုတာကြောင့် အသုံးစရိတ်ပေးရန် အာဆင်နယ်ဘုတ်အဖွဲ့သို့ တောင်းဆိုလိုက်တယ်လို့ သိရှိရပါတယ်။ ပဲလေ့စ်အသင်းဟာ အသက် ၂၆ နှစ်အရွယ် အိုင်ဗရီကိုစ့် လက်ရွေးစင် ကစားသမားအတွက် သင့်တော်သော ဈေးရရင် လက်လွှတ်သွားဖွယ် ရှိနေပါတယ်။
ဇာဟာက မနှစ်က ပရီးမီးယားလိဂ်တွင် ၁၀ ဂိုးသွင်းပြီး အခွင့်အရေး ဖန်တီးမှုများစွာ ပြုလုပ်ခဲ့ခြင်းကြောင့် တန်ကြေးမြင့်မား လာခဲ့တာပါ။ ဒါပေမယ့် ကစားသမားက ဥရောပ ချန်ပီယံလိဂ်ပွဲ ကစားချင်တယ်လို့ ထုတ်ဖော် ပြောဆိုထားတာကြောင့် နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့် ရမထားတဲ့ အာဆင်နယ်က ဇာဟာကို စည်းရုံးဖို့လည်း လိုအပ်နေပါသေးတယ်။
အမ်မရီဟာ ဘုန်းမောက် တိုက်စစ်သမား ရိုင်ယန်ဖရေဇာကိုလည်း ချိန်ရွယ်ထားတဲ့ သတင်းများ ထွက်ခဲ့ပြီး အေးစက်သွားခဲ့ကာ ဇာဟာဘက် လှည့်လာခဲ့တာ ဖြစ်ပါတယ်။
ခံစစ်မှာတော့ အာဆင်နယ်က ဆဲလ်တစ်နောက်ခံလူ တိုင်ယာနေးကို ပေါင် ၁၅ သန်းဖြင့် ကမ်းလှမ်းထားခဲ့ပြီး ပယ်ချခြင်းခံခဲ့ရပါတယ်လို့ သိရှိရပါတယ်။ ဆဲလ်တစ်က အသက် ၂၂ နှစ်အရွယ်ကစားသမားအတွက် အနည်းဆုံး ပေါင် ၂၅ သန်းလိုချင်နေပြီး အသုံးစရိတ် မလောက်ငတာကြောင့် အမ်မရီဘက်က တောင်းဆိုမှုတွေ ဘုတ်အဖွဲ့ထံ ပြုလုပ်လာခဲ့တာပါ။