ချီလီအသင်းအတွက် ခြေစွမ်းပြနေတဲ့ မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ဥရုဂွေးအသင်းနဲ့ ကိုပါအမေရိကဖလားပွဲစဉ် ကစားဖို့ ရှိနေပေမယ့် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

မန်ယူက ပစ်မှတ်ထားနေတဲ့ လိုင်ယွန်တိုက်စစ်မှူး နီကိုးလပ်စ်ပီပီဟာ PSG အသင်းကို ပြောင်းရွေ့ဖို့ ပိုမိုစိတ်အားထက်သန်နေတယ်လို့ သိရှိရပါတယ်။

မန်ယူနောက်ခံလူ လင်ဒီလောဖ့်က လိဒ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ရာသီကြိုပွဲစဉ်အတွက် စိတ်လှုပ်ရှားနေမိကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ဆွီဒင်အသင်းဖော်အချို့ဟာလည်း လိဒ်မှာ ကစားနေတဲ့အတွက် တကယ့်ကို ရင်ခုန်စရာ ပွဲတစ်ပွဲ ဖြစ်လာတော့မှာပါ။

မန်ယူဟာ အသင်းရဲ့နည်းစနစ်ဒါရိုက်တာ ရာထူးကို နှစ်ပတ်အတွင်း ခန့်အပ်သွားတော့မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ အဆိုပါရာထူးအတွက် ရီယိုဖာဒီနန်နဲ့ ဒါးရင်းဖလက်ချာတို့က ရေပန်းစားမှုတွေ ရှိလာနေပါပြီ။

မန်ယူကစားသမားတွေအတွက် ယခုသီတင်းပတ်ဟာ အားလပ်ရက် နောက်ဆုံးသီတင်းပတ် ဖြစ်ပါတယ်။ သူတို့ဟာ လာမယ့်အပတ်မှာ ရာသီကြိုပွဲစဉ်တွေ ကစားဖို့အတွက် သြစတေးလျကို ခရီးဆက်ကြရမှာပါ။

မန်ယူဟာ တနင်္လာနေ့ ညနေပိုင်းမှာ ဘီဆာကာရဲ့ အပြောင်းအရွေ့အတွက် ပဲလေစ့်အသင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ အပြောင်းအရွေ့ဟာ အင်္ဂလန် ယူ-၂၁ ပွဲစဉ်တွေ အပြီးမှာ ဖြစ်ပေါ်လာနိုင်ချေ ရှိနေတာပါ။

မန်ယူဟာ ဇာဟာကို ပဲလေစ့်အသင်းထဲ (၂၀၁၅) ခုနှစ်မှာ ရောင်းချခဲ့စဉ်က sell-on clause အဖြစ် ထပ်မံရောင်းချခဲ့ရင် တန်ဖိုးတစ်ရပ် ပေးချေဖို့ သဘောတူညီမှု ပြုလုပ်ထားခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ တန်ဖိုးဟာ ပေါင် (၁၅) သန်းခန့် ရှိနိုင်တယ်လို့လည်း ဖော်ပြနေကြတာပါ။

မန်ယူအသင်းရဲ့ ကြယ်ပွင့်လို့ တင်စားခြင်းခံရတဲ့ မေဆင်ဂရင်းဝုဒ်ဟာ ရာသီကြိုပွဲစဉ်တွေအတွက် အပြင်းအထန်ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ သူဟာ နည်းပြဆိုးရှားရဲ့ နွေရာသီပွဲကြိုကာလမှာ ဆိုးရှားရဲ့ အထင်ကြီးမှုတွေကို ရယူသွားနိုင်လောက်မှာပါ။

PSG အသင်းဟာ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့အတွက် သူတို့အသင်းကို စွန့်ခွာလိုနေတဲ့ နေမာနဲ့ အလဲအလှယ် ပြုလုပ်လိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါပြီ။ ဒါပေမယ့် နေမာရဲ့ မြင့်မားလွန်းတဲ့ လုပ်ခလစာက ပြဿနာတစ်ခု ဖြစ်နေဦးမှာပါ။