မန်နေဂျာဆိုးရှားလက်ထက် ပထမဆုံးသော ရာသီကြို ပြင်ဆင်မှုကို စတင်တော့မယ့် အချိန် နီးကပ်လာခဲ့ပြီ သရဲနီတွေဟာ ရာသီသစ်အတွက် အသင်းသားတွေအားလုံး ပြန်လည်စုပေါင်းမှု လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

ကျင်းပနေဆဲဖြစ်တဲ့ ကိုပါ အမေရိကနဲ့ အာဖရိက ဖလားပြိုင်ပွဲတွေမှာ မန်ယူ အသင်းသားတွေ ကြီးကြီးမားမား ပါဝင်နေခြင်း မရှိပဲ တိုက်စစ်သမား ဆန်းချက် တစ်ဦးကပဲ လက်ရွေးစင် အသင်းနဲ့ သွားရောက် ပူးပေါင်းနေတာဖြစ်တယ်။

လူစာရင်း အပြည့်အစုံနဲ့အတူ အာရှကို ထွက်ခွာမယ့် ရာသီကြို လေ့ကျင့်ရေး နီးကပ်လာချိန်မှာ မန်နေဂျာဆိုးရှားက ပေါ့ဘာနဲ့ လူကာကူတို့ရဲ့ အနာဂတ်ကို စီမံပေးဖို့ ကိစ္စတွေ မပြီးပြတ်သေးပေမယ့် အသင်းသားတွေနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေတယ်။

အသစ်ခေါ်ယူထားတဲ့ ဒန်နီရယ်ဂျိမ်းနဲ့ လူငယ်ကစားသမားတွေ စီနီယာ ကစားသမားတွေ အားလုံးနီးပါးက သြစတြေးလျကို သွားရောက်မယ့် ပထမဆုံး ခရီးစဉ်အမှီ လာရောက် ပူးပေါင်းကြပါလိမ့်မယ်။

ဆိုးရှားက ” ရာသီကြို ပြင်ဆင်မှုမှာ ပထမအသင်း လူစာရင်း အပြည့်အစုံနဲ့ ကျနော်တို့ ခရီးထွက်ပါမယ်။ လူတိုင်းကလည်း ရွေးချယ်မှုမှာ ပါဝင်ဖို့ အဆင်သင့် ဖြစ်နေရမှာပါ။ သူတို့တွေ ကြံ့ခိုင်စွာ ပြန်လာကြဖို့ မျှော်လင့်ပါတယ်။

သြစတြေးလျ အသင်းကောင်းနဲ့ ရင်ဆိုင်ရမှာက အရမ်းကောင်းပါတယ်။ လိဒ်အသင်းနဲ့ ရင်ဆိုင်ရမှာက ကျနော်တို့အတွက် ကြီးမားတဲ့ ပြိုင်ပွဲဖြစ်မှာပါ။ သူတို့နဲ့ ကွင်းတွင်း၊ ကွင်းပြင်မှာ ရင်ဆိုင်ဖူးသလို ကျနော်တို့ရဲ့ ပြိုင်ဘက်တွေထဲ ပါဝင်တဲ့ အသင်းဖြစ်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အတိတ်က ယူနိုက်တက်ရဲ့ မဟာပြိုင်ဘက်တွေထဲ ပါဝင်ခဲ့တဲ့ လိဒ်အသင်းနဲ့ ခြေစမ်းပွဲ ကစားအပြီး မန်ယူဟာ အင်တာမီလန်၊ စပါးနဲ့ ရင်ဆိုင်ရမယ့် ပွဲတွေအတွက်လည်း ဆက်လက် ထွက်ခွာရဖို့ ရှိနေပါတယ်။