မန်ယူက ခံစစ်အတွက် အသဲအသန်ဖြစ်နေတဲ့ နာပိုလီအသင်း ခံစစ်သမား ကူလီဘာလီက သူ့အနာဂတ်က နာပိုလီမှာ ဆက်ရှိနေဖို့ မသေချာဘူးဆိုပြီး သတင်းပေးလာခဲ့ပါပြီ။

မန်ယူအနေနဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်ဖို့ ကြိုးစားနေမှု မအောင်မြင်ဖြစ်ခဲ့ရင် နာပိုလီအသင်းမှာ နောက်ရာသီ ဆက်နေဖို့ မသေချာဘူးလို့ ထုတ်ပြောလာတဲ့ ကူလီဘာလီကို ထည့်စဉ်းစားလို့ ရလာပြီဖြစ်ပါတယ်။

အာဖရိက ဖလားပြိုင်ပွဲအတွက် ဆီနီဂေါအသင်းနဲ့ ပူးပေါင်းနေတဲ့ ဗဟိုခံစစ်မှူးကြီးက “ နောက်ရာသီ နာပိုလီအသင်းမှာ ဆက်ရှိနေမလားဆိုတာ ကျနော် မသိသေးပါဘူး။ ဒါပေမယ့်လို့ အာဖရိကဖလားပွဲကို ကစားရမှာဖြစ်ပြီး အဲ့တာပြီးရင်တော့ နာပိုလီကို ပြန်ရပါမယ်။

လူတိုင်းက ကျနော်အကြောင်း ပြောနေကြပေမယ့် ကျနော်က သက်သောင့်သက်သာပါပဲ။ အာဖရိကဖလားပွဲအပြီး ကလပ်အသင်းကို ပြန်မှပဲ အနာဂတ်က ဘာဖြစ်လာမယ်ဆိုတာ သိရပါမယ်။ အရေးကြီးဆုံးက ဆီနီဂေါနဲ့ အနိုင်ရဖို့ပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ဘယ်ဂျီယံကလပ် ဂျန့်အသင်းကနေ စီးရီးအေကလပ် နာပိုလီကို ပြောင်းခဲ့တဲ့ ကူလီဘာလီဟာ ထိပ်တန်း ခံစစ်သမားအဖြစ် ဥရောပ ကလပ်အသင်းတွေ အလိုရှိနေသူပါ။ သူ့ရဲ့ ပြောင်းရွှေ့ကြေး မြင့်မားနိုင်ပေမယ့် မန်ယူရဲ့ခံစစ်အတွက် ဦးဆောင်နိုင်မယ့်သူလို့ ချီးကျူးမှုတွေ ပိုင်ဆိုင်ထားတယ်။