မန်ချက်စတာ ယူနိုက်တက် ဂန္တ၀င် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကတော့ တောင်ပံ ကစားသမား ပက်ဂျီဆန်နဲ့ ပတ်သတ်ပြီး ၄င်း စိတ်ထဲ မကောင်း ဖြစ်ရတဲ့ အကြီးမားဆုံး နောင်တတစ်ခု ရှိခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ကိုရီးယားသား ကွင်းလယ် ကစားသမားကိုတော့ နည်းပြကြီး ဖာဂူဆန်ဟာ ပွဲကြီးတွေမှာ အသုံးပြုခဲ့ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ပက်ဂျီဆန် ကလည်း ပြိုင်ဘက် ကွင်းလယ် ကစားသမားတွေကို ထိန်းချုပ်ကစားရာမှာ အလွန်ကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် ပွဲကြီးတွေမှာ ထည့်သွင်း အသုံးပြုခဲ့တာပါ။

မန်ယူ ကွင်းလယ် ကစားသမား ပက်ဂျီဆန်ဟာ ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ပွဲစဉ် တော်တော်များများမှာ ပါဝင် ကစားခဲ့ပေမယ့်လည်း ချယ်ဆီးအသင်းနဲ့ ဗိုလ်လုပွဲ ပွဲစဉ်မှာတော့ မပါဝင်ခဲ့ရပါဘူး။ ထို ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး နည်းပြကြီး ဖာဂူဆန်ကတော့ နေ့တိုင်း ခံစားနေရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

” ၂၀၀၈ ဗိုလ်လုပွဲမှာ ကျနော့်အတွက် ပြဿနာ ရှိခဲ့တယ်.. ဒီနေ့အထိတောင် ကျနော် နောင်တ ရနေတုန်းပဲ။ အဲဒါကတော့ အဲဒီပွဲမှာ ပက်ဂျီဆန်ကို လုံးဝ ထည့် မကစားဖြစ်ခဲ့တာပဲ။”

” ချန်ပီယံလိဂ် ဖလား ရရှိခဲ့တာကတော့ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုပါ။ ဒါပေမယ့်လည်း ကွင်းလယ် ကစားသမား ပက်ဂျီဆန်နဲ့ ပတ်သတ်ပြီးတော့ သူဟာ တကယ်ကောင်းတဲ့ ကစားသမား တစ်ဦးပါ။ ပွဲကြီးတွေမှာ ဆိုရင်လည်း တကယ်ကောင်းတဲ့ ကစားသမား။ ၂၀၁၁ ခုနှစ် တုန်းက ဝင်ဘာလေမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆိုရင်လည်း ကွင်းလယ် ကစားသမား ပက်ဂျီဆန်က အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ် ” လို့ မန်ယူ တီဗွီကို ဖာဂူဆန်က ပြောကြားခဲ့ပါတယ်။

ပက်ဂျီဆန်ဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု (၃) ကြိမ်၊ ချန်ပီယံလိဂ် ဆုဖလား (၁) ကြိမ် ရယူနိုင်ခဲ့ပါတယ်။