အန်ဒါလက်ခ်ျအသင်းထံ ကစားသမား မန်နေဂျာ အဖြစ် တာဝန်ယူဖို့ ရောက်ရှိသွားပြီ ဖြစ်တဲ့ မန်စီးတီး ကစားသမားဟောင်းကြီး ဗင်းဆင့်ကွန်ပနီက ဘ၀စာမျက်နှာသစ်ကို စတင်ရတော့မှာ ဖြစ်ပြီး ၄င်း အရည်အချင်းကို အဘက်ဘက်က မှတ်ကျောက်တင်ခံရတော့မယ်လို့ ပြောကြားလိုက်ပါတယ်။
ရာဖေးဘင်နီတက်ဇ် နယူးကာဆယ် အသင်းမှ ထွက်ခွာသွားတဲ့နောက် မန်စီးတီးအသင်းမှ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြ အာဆင်နယ် ကစားသမားဟောင်းကြီး အာတီတာက ဘင်နီတက်ဇက် နေရာ ဆက်ခံမယ့် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။
မန်စီးတီးမှာ ဆယ်ဆုနှစ်တစ်ခုနီးပါး ဘောလုံးကစားလာခဲ့တဲ့ ကွင်းလယ်လူ ဒေးဗစ်ဆေးဗားဟာ လာမယ့်ရာသီက သူ့ရဲ့ နောက်ဆုံးသော မန်စီးတီးအသင်းအတွက် ကစားပေးမယ့် ဘောလုံးရာသီပါလို့ ထုတ်ဖော် ကြေငြာသွားပါတယ်။
ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်ဟာ ဆာနေးကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း မန်စီးတီးဘက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၉၀ လို့ သတ်မှတ်ခဲ့တာကြောင့် ခေါ်ယူဖို့တွန့်ဆုတ်သွားခဲ့ပါတယ်။ ဒါပေမယ့် နောက်အပတ်ထဲမှာ နောက်ဆုံးသော ကြိုးစားမှုတွေ ဆက်ရှိမယ်လို့ ဂျာမန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။
မန်စီးတီးနဲ့ ဘရာဇီး ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုဟာ နိုင်ငံအသင်းနဲ့ အတူ လေ့ကျင့်ရေးဆင်းစဉ် ညာဘက်ဒူးမှာ ဒဏ်ရာ အသစ် ရရှိသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကြာသပတေးနေ့ ပါရာဂွေးနဲ့ ကန်မယ့် ကွာတားဖိုင်နယ် ပွဲ အမှီ ဖာနန်ဒင်ဟို ပြန်ကောင်းလာမယ် လို့တော့ မျှော်လင့် နေကြပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ အင်အားဖြည့် လူစာရင်းနဲ့ မှတ်ပုံတင် နိုင်ရန် ဒီနွေမှာ အသက် ၂၁ နှစ် အထက် အင်္ဂလန် ငယ်မွေးခြံပေါက် Homegrown ကစားသမား အနည်းဆုံး တစ်ယောက် ထပ်ခေါ်မှဖြစ်မယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။
မန်စီးတီးအသင်းမှာ Homegrown ကစားသမား လေးယောက်သာ ရှိတာကြောင့် ကစားသမား ၂၁ ယောက်သာ စာရင်း တင်သွင်းခွင့် ရှိနေတာပါ။ မန်စီးတီးအသင်းရဲ့ လက်ရှိ Homegrown ကစားသမား ၄ ယောက်က ဝေါ်ကာ၊ စတုန်း၊ ဖာဘီယန် ဒပ်ဖ် နဲ့ ရာဟင်းစတားလင်း တို့ ဖြစ်ပါတယ်။