နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ် ရာထူးကနေ စွန့်ခွာသွားခဲ့မှုဟာ ယူနိုက်တက်က အလိုရှိနေတဲ့ သူတို့ရဲ့ ကွင်းလယ်ကစားသမား လောင်းစတပ်ဖ်ရဲ့ အပြောင်းအရွေ့ ကိစ္စရပ်တွေပေါ် ဘာမှ သက်ရောက်မှု ရှိလာမှာမဟုတ်ဘူးလို့ သိရှိရပါတယ်။

မန်ယူနည်းပြဟောင်း မော်ရင်ညိုဟာ လက်ရှိ နည်းပြလက်မဲ့ဖြစ်နေတဲ့ နယူးကာဆယ်အသင်းကို ကိုင်တွယ်သွားနိုင်ဖွယ် ရှိနေတယ်လို့ ကောလဟာလတွေ ထွက်ပေါ်လာနေပါပြီ။ သူဟာ ရေပန်းစားမှုမှာ မန်စီးတီးလက်ထောက်နည်းပြ အာတီတာရဲ့နောက် ဒုတိယနေရာက ရပ်တည်နေတာပါ။

မန်ယူဟာ ကွင်းလယ်လူတွေဖြစ်တဲ့ ဖာနန်ဒက်နဲ့ အန်ဒွမ်ဘီလီတို့ နှစ်ဦးကို ခေါ်ယူဖို့ရေးရာ ကိစ္စတွေမှာ စပါးနဲ့ ယှဉ်ပြိုင်နေရပေမယ့် တိုးတက်လာတဲ့ သတင်းတွေ ထပ်မကြားရပါဘူး။

မန်ချက်စတာနှစ်သင်းလုံးက ခေါ်ယူလိုနေပေမယ့် လက်စတာကတော့ သူတို့ရဲ့ နောက်ခံလူ မက်ဂွေးယားကို ဆက်လက်ထိန်းထားလိုနေတာပါ။ ဒါကြောင့် သူတို့ဟာ ပြောင်းရွေ့ကြေး ပေါင်သန်း (၁၀၀) လောက်ရရှိမှ ရောင်းချမယ်လို့ သတင်းလွင့်မှုတွေ ရှိလာပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စပိန်ကလပ် ဇာရာဂိုဇာအသင်းမှ အသက် ၁၆ နှစ်အရွယ် လူငယ်တောင်ပံကစားသမားလေး မတ်တီယို မီဂျီယာကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် သဘောတူညီမှု မရရှိသေးဘူးလို့ သိရပါတယ်။

နာမည်ကျော် သရဲနီ မဂ္ဂဇင်းဖြစ်တဲ့ United We Stand ရဲ့ အယ်ဒီတာဖြစ်သူ အန်ဒီ မစ်တန်က ကလပ်အသင်းဟာ အနာဂတ်မှာ အောင်မြင်မှု ရယူလိုရင် ထိပ်တန်းအဆင့်ရှိ အားကစားဒါရိုက်တာ ခန့်အပ်ရမယ်လို့ Sky Sports ကနေ ပြောဆိုလိုက်ပါတယ်။

ပဲလေစ့်နဲ့ မန်ယူရဲ့ သဘောတူညီမှု စာချုပ်ထဲမှာ ဘစ်ဆာကာကို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင် ဆုကြေးထပ်ပေးမယ်လို့ ထည့်သွင်းထားပေမယ့် ပဲလေစ့်ဘက်က ဇာဟာရဲ့ စာချုပ်ပါ ၂၀% အကျိုးအမြတ်ကိုပဲ ဖြုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မန်ယူနောက်ခံလူ လင်ဒီလောဖ့်က သူ့ရဲ့ ဆွီဒင်အသင်းဖော်အချို့ ပါဝင်ကစားနေတဲ့ လိဒ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ရာသီကြိုပွဲစဉ်အတွက် စိတ်လှုပ်ရှားနေမိကြောင်း ပြောကြားခဲ့ပါတယ်။ နည်းပြဆိုးရှားကလည်း ပြိုင်ဘက်ဟောင်း လိဒ်နဲ့ ခြေစမ်းမှုက အသင်းအတွက် အကျိုးရှိမယ် ယုံကြည်နေပါတယ်။