မန်ချက်စတာယူနိုက် တိုက်စစ်သမား ဆန်းချက် ဟာ မန်ယူအသင်းနဲ့ နိုင်ငံအသင်းကြား ခြေစွမ်း ကွာဟမှုတွေ ရှိနေတဲ့အပေါ် ချီလီအသင်း ဂန္တ၀င်ကစားသမားကြီး ဇာမိုရာနို က သုံးသပ်မှုတွေ ပြုလုပ်သွားပြီး ကစားသမား အတွက် ပွဲကစားချိန် လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဆန်းချက် ဟာ လက်ရှိ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်နေတဲ့ ချီလီ လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြ ကစားနေပြီး ဂိုးများလည်း သွင်းယူနေခဲ့ပါတယ်။ မန်ယူအသင်းမှာတော့ ပုံမှန် ပွဲထွက် ကစားခွင့်ရဖို့တောင် ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ တစ်ရာသီလုံးမှာ (၉) ပွဲသာ ပါဝင် ကစားထားခဲ့ပါတယ်။
အသက် (၃၀) အရွယ်ရှိပြီ ဖြစ်တဲ့ ချီလီသားကြီးဟာ (၂၀၁၈) ခုနှစ်က ပြိုင်ဘက် အာဆင်နယ်အသင်း ထံကနေ ပြောင်းရွေ့ လာခဲ့တာ ဖြစ်ပါတယ်။
” ဆန်းချက် အနေနဲ့ မန်ယူမှာဖြစ်ဖြစ် တခြားအသင်းမှာ ဖြစ်ဖြစ် ပွဲထွက်ကစားခွင့်ရဖို့ အရေးကြီးပါတယ်၊ ဒါဟာ သူ့ အတွက် သိပ်ကို အရေးကြီးတယ်၊ ချီလီမှာ ကစားခွင့်ရတာကို ကြည့်လိုက်ပါ သူ ပွဲချိန်ပြည့် ကစားနိုင်ပြီး လိုအပ်တဲ့ ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်၊ သူ ချီလီ အကျီင်္ ကိုဝတ်လိုက်တာနဲ့ မန်ယူကစားသမားနဲ့ ခြားနားသွားတာပါ၊ ”
” ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ သူ့ကို အကြာကြီး ကစားဖို့ အခွင့်အရေးမပေးခဲ့ပါဘူး၊ ဒါကြောင့် ဆန်းချက် ဟာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ အတွက် လုပ်ဆောင်ဖို့လိုပါတယ် ” လို့ ဇာမိုရာနိုက မှတ်ချက်ပြုခဲ့ပါတယ်။
မန်ယူ အသင်းမှာ ဆန်းချက်စ်ဟာ လစာအများဆုံး ဖြစ်နေပေမယ့် မန်ယူက ဆန်းချက်ကို ထုတ်ရောင်းသွားဖို့ စီစဉ်နေခြင်း တော့ မရှိဘဲ လာမယ့်ရာသီမှာ တော့ အသင်းမှာ နေရာပေးသွားဖွယ် ရှိပါတယ်။
မန်ချက်စာ ယူနိုက်တက်ဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဗလင်စီယာ၊ ဟာရဲရား တို့ကိုလက်လွှတ်ခဲ့ရပြီး လူကာကူ၊ ပေါ့ဘာ တို့ကိုလည်း ဆက်လက် ဆုံးရှုံးရဖွယ်ရှိနေတာကြောင့် ဆန်းချက် တစ်ယောက် လာမယ့် ဘောလုံးရာသီမှာတော့ အသင်းမှာ အခွင့်အရေး ရဖွယ် ရှိပါတယ်။