ပြီးခဲ့တဲ့နွေကမှ လီဗာပူးအသင်းထံ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်ကစားသမား နာဘေကိတ်တာက အသင်းမှာ ကောင်းစွာ အထိုင်ကျပြီး ပျော်ရွှင်နေတဲ့ အပြင် ဆာလက်က ၄င်းကို တကယ့် ညီငယ်တစ်ဦးပမာ ကူညီစောင့်ရှောက်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။
လီဗာပူးအရန် ဂိုးသမား မင်ညိုလတ်ကို ခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ် အသင်းကလည်း စိတ်ဝင်စားနေပြီး လီဗာပူးအသင်းဘက်ကတော့ ကစားသမားကို အသင်းမှာ ဆက်လက် ထားဖို့ ဆုံးဖြတ်ထားပါတယ်။ မင်ညိုလတ်နဲ့ လီဗာပူးအသင်းဟာ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေပါတယ်။
လီဗာပူးနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်တဲ့ ဘယ်အစွန်လူ မိုရီနိုဟာ လာလီဂါကလပ် ဗီလာရီးရဲလ်ထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ လီဗာပူး ဂိုးသမားဟောင်းကြီး ပီပီရေနာက ဂျူဗင်တပ်ထံမှ ချိတ်ဆက်မှုများ ရှိနေသော်လည်း အသင်း မပြောင်းလိုဘဲ လက်ရှိကလပ် အေစီမီလန်မှာသာ ဆက်ကစားသွားလိုနေပါတယ်။
လီဗာပူး ဗဟိုခံစစ်မှူး လိုဗရန်ကို အေစီမီလန်အပြင် ဘိုင်ယန်မြူးနစ်ဘက်ကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လီဗာပူးအသင်းဘက်ကတော့ ခရိုအေးရှားသားကို ပေါင် သန်း ၂၀ ၀န်းကျင် ကမ်းလှမ်းမှု ရရှိပါက လက်လွှတ်မှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ အေဂျက်အသင်းတို့ကို ကျော်ဖြတ်ပြီး နယ်သာလန် ဆယ်ကျော်သက် ကြယ်ပွင့်လေး ဗန်ဒန်ဗယ်ရာကို ခေါ်ယူဖို့ရာ သဘောတူညီမှု ရထားခဲ့ပြီဖြစ်တယ်။
မနှစ်ကရာသီ နယ်သာလန် အဆင့်မြင့်တန်းကလပ် PEC Zwolle အသင်းမှာ ပွဲထွက်ခွင့် ၂၂ ကြိမ် ရခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ခံစစ်မှူးကို လီဗာပူးက ပြောင်းရွှေ့ကြေး ပေါင် ၁.၅ သန်းနဲ့ အပြီးသတ် သဘောတူညီထားတာဖြစ်တယ်။