မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့်ကွန်ပနီက ချယ်ဆီးကစားသမားဟောင်း ဖရန့်လမ်းပတ်ဟာ လန်ဒန်ကလပ်ကို နည်းပြ အဖြစ် တာဝန်ယူဖို့ အလိုက်ဖက်ဆုံး အတွဲအဖက်ပဲလို့ ထောက်ခံစကား ပြောကြားလိုက်ပါတယ်။

ချယ်ဆီးတိုက်စစ်မှူးဟောင်း ဖာနန်ဒို တောရက်စ်ဟာ အသင်းဟောင်းများအကြောင်း မှတ်ချက်ပေးရာမှာ ချယ်ဆီးအသင်းနဲ့ပတ်သတ်ပြီး အလုပ်သဘောဆန်ဆန် မှတ်ချက်ပေးခဲ့ကာ နွေးထွေးမှု မရှိကြောင်း မှတ်ချက်ပေးမှုတွေ ရှိနေပါတယ်။ တောရက်စ်က ချယ်ဆီးအသင်းဟာ သူ မက်မောတောင့်တနေခဲ့တဲ့ ဆုဖလားတွေ ရယူပေးနိုင်ခဲ့တဲ့ အသင်း ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ဒါဘီအသင်းဟာ လမ်းပတ်ကို ချယ်ဆီးအသင်းနဲ့ နည်းပြအဖြစ်တာဝန်ယူဖို့ ကိစ္စများ ဆွေးနွေးခွင့် ပြုထားပြီ ဖြစ်ကြောင်း အတည်ပြုသွားပါတယ်။ ချယ်ဆီးကစားသမားဟောင်းကြီးဟာ စတန်းဖို့ဒ်ဘရစ်ခ်ျထံ ပြန်သွားပြီး နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတာပါ။

၂၀၁၈-၁၉ ဘောလုံးရာသီအပြီးမှာ ယူအီးအက်ဖ်အေရဲ့ Rankings များ ထွက်ပေါ်လာရာ ယူရိုပါလိဂ် ချန်ပီယံ ချယ်ဆီးအသင်းက အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ အဆင့် ၁ က ဘာစီလိုနာ ဖြစ်ပြီး အဆင့် ၃ က လီဗာပူးအသင်း ဖြစ်ပါတယ်။

ချယ်ဆီးအသင်းမှာ ရာသီဝက် အငှားထွက်ကစားပြီးနောက် ပြန်ရောက်လာတဲ့ တိုက်စစ်မှူး ဟီဂူအင်ကို ဂျူဗင်တပ်က ရောင်းထုတ်လိုနေပါတယ်။ ဟီဂူအင်ရဲ့ လက်ရှိစာချုပ်ကတော့ သက်တမ်း ၂ နှစ် ကျန်ရှိနေပါသေးတယ်။

ကွင်းလယ်ကစားသမား ကိုဗာဆစ် က လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်ဆီးအသင်းကို အပြီးသတ် ပြောင်းရွှေ့လိုကြောင်း မိခင်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမားဟောင်းကြီး မိုက်ကယ်ဘောလက်ဟာ လမ်းပတ်သာ ချယ်ဆီး နည်းပြဖြစ်လာခဲ့ရင် နည်းပြအဖွဲ့ဝင် တစ်ဦး ဖြစ်လာနိုင်တယ်လို့ စကိုင်းစပေါ့ ဂျာမနီသတင်းမှာ ဖော်ပြထားပါတယ်။

ချယ်ဆီး၊ လက်စတာ၊ ဖူဟမ်တို့ကို ကိုင်တွယ်ခဲ့တဲ့ ၀ါရင့်နည်းပြကြီး ရေနီရာရီက ဘင်နီတက်ဇ် ထွက်ခွာသွားတဲ့ နယူးကာဆယ်အသင်းကို တာဝန်ယူဖို့ စိတ်ဝင်စားမှု ပြသလာခဲ့ပါတယ်။ နယူးကာဆယ်နည်းပြ နေရာ အတွက် မော်ရင်ညိုနဲ့ မန်စီးတီး လက်ထောက်နည်းပြ အာတီတာ တို့လည်း ရေပန်းစားနေပါတယ်။