ချယ်ဆီးအသင်းဟာ အသင်းက ထွက်ခွာသွားတဲ့ နည်းပြ ဆာရီနေရာ အစားထိုးရန် ဒါဘီနည်းပြ၊ ချယ်ဆီးအသင်း ဂန္ထဝင်ကစားသမားဟောင်း လမ်းပတ်ကို ချိတ်ဆက်နေရာမှာ ၃ နှစ်သက်တမ်းရှိ စာချုပ်နဲ့ ရောက်လာဖို့ သေချာလုနီးပါး ရှိပြီဖြစ်ကြောင်း သိရပါတယ်။

လမ်းပတ်ဟာ ချယ်ဆီးအသင်းမှာ ၁၃ နှစ်ကြာ ပါဝင်ကစားခဲ့ပြီး နာမည်တစ်လုံး တည်ဆောက်နိုင်ခဲ့ပါတယ်။ သူဟာ ချယ်ဆီးအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ၂၁၁ ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းပတ်ဟာ ချယ်ဆီးကစားသမားဘဝ ပရီးမီးယားလိဂ် ၁၆၄ ပွဲဆက်တိုက်ကစားခဲ့ရသူဖြစ်ပါတယ်။

လမ်းပတ်ဟာ ဒါဘီအသင်းကို နည်းပြခဲ့ရာမှာ မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့ပါတယ်။ လမ်းပတ်လက်ထက် ဒါဘီအသင်းဟာ ပွဲပေါင်း ၅၇ ပွဲ ကစားခဲ့ရာမှာ ၂၄ ပွဲနိုင် ၁၇ ပွဲသရေ ၁၆ ပွဲသာရှုံးခဲ့ပါတယ်။ ဒါဘီဟာ ဂိုး ၉၀ သွင်းခဲ့ပြီး ခံစစ်က ဂိုး ၇၀ ပေးခဲ့ရပါတယ်။

ချယ်ဆီးဟာ နည်းပြဟောင်းဆာရီကို လစာပေးတဲ့အတိုင်း လမ်းပတ်ကို တစ်နှစ်ပေါင် ၅ ဒသမ ၅ သန်း ပေးချေမှာ ဖြစ်ပါတယ်။ လမ်းပတ်ဟာ ချယ်ဆီးအသင်းနဲ့ ပေါင် ၁၆ ဒသမ ၅ သန်းတန်ကြေးရှိ စာချုပ်တစ်ရပ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။

လမ်းပတ်ဟာ လာမယ့် အပတ်မှာ ချယ်ဆီးအသင်းကိုရောက်မှာဖြစ်ပြီး နည်းပြတာဝန် ထမ်းဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လမ်းပတ်က ချယ်ဆီးအသင်းပိုင်ရှင် မိုဗစ်လက်ထက် ၁၆ နှစ်အတွင်း ၁၀ ဦးမြောက် ချယ်ဆီးနည်းပြ ဖြစ်လာတော့မှာပါ။

ဒါဘီအသင်းဘက်ကလည်း မီးစိမ်းပြထားလို့ လမ်းပတ် အပြောင်းအရွှေ့က သေချာနေပါတယ်။ လမ်းပတ်ဟာ ချယ်ဆီးကိုရောက်ရင် ကစားဖော်ဟောင်း ဂိုးသမားပီတာချက်နဲ့ ပြန်လည်လက်တွဲရမှာ ဖြစ်ပါတယ်။ ပီတာချက်ဟာ ချယ်ဆီးနည်းစနစ် ပါဖောင်းမန့်အကြံပေးအဖြစ် တာဝန်ယူမှာပါ။

လမ်းပတ်ဟာ ကစားဖော်ဟောင်း နောက်တစ်ဦးဖြစ်တဲ့ ဂျိုဒီမောရစ်နဲ့လည်း ပြန်ဆုံမှာပါ။ မောရစ်ဟာ ချယ်ဆီးအသင်း လက်ထောက်နည်းပြ တာဝန်ယူမှာ ဖြစ်ပါတယ်။ ချယ်ဆီးဂိုးနည်းပြက ရှေးဂစဗင်ဖြစ်ပြီး ကြံ့ခိုင်ရေးနည်းပြက ခရစ္စဂျုံးစ်ဖြစ်ပါတယ်။ ချယ်ဆီးကစားသမားဟောင်း မာခီလီလီဟာ ဘယ်လ်ဂျီယံကလပ် အူပန်နဲ့လမ်းခွဲခဲ့ပြီးနောက် လန်ဒန်ကို ပြန်ရောက်လာဖို့ များနေပါတယ်။