ယူနိုက်တက်မန်နေဂျာ မော်ရင်ညိုနဲ့ အမှူဆောင်ချုပ် ဝုဒ်ဝတ်တို့ဟာ ဇန်နဝါရီ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရခဲ့ပြီဆိုတဲ့ သတင်းတွေ ထွက်လာနေပါတယ်။ အဆိုပါ သဘောတူညီမှုမှာ ဝုဒ်ဝတ်ဟာ မန်နေဂျာ အလိုရှိတဲ့ ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ယူပေးဖို့ သဘောတူညီခဲ့တယ်လို့လည်း သိရပါတယ်။

ယူနိုက်တက် လူငယ်ကစားသမားတွေဖြစ်တဲ့ တာဟစ်ချောင်နဲ့ ဂိုးမက်စ်တို့ဟာ လူငယ် ချန်ပီယံလိဂ်ပွဲကနေ အတွေ့အကြုံကောင်းတွေ ရရှိလိမ့်မယ်လို့ ယူ-23 အသင်း နည်းပြက ထုတ်ပြောလိုက်ပါတယ်။ ဒီရာသီ ယန်းဘွိုင်း၊ ဗလန်စီယာ၊ ဂျူဗင်တပ်လူငယ်တွေနဲ့ တွေ့ဆုံထားတဲ့ ယူနိုက်တက် ယူ-19 အသင်းဟာ ရှူံးထွက်အဆင့်ကို တက်ရောက်ခဲ့ပါပြီ။

ယူအီအက်ဖ်အေရဲ့ 2018 ခုနှစ် ချန်ပီယံလိဂ်အကောင်းဆုံး အသင်းအတွက် စကာတင် 50 စာရင်းမှာ ယူနိုက်တက်ရဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ပေါ့ဘာ ပါဝင်လာပါတယ်။ ပြင်သစ်ကစားသမားက တူရင်ပြန်သွားဖို့ သတင်းကြီးတွေထွက်နေပြီး ပီဂျာနစ်ကတော့ ဂျူဗင်တပ်က ပြန်လည်ကြိုဆိုနေမယ်လို့ ထုတ်ဖော်ကမ်းလှမ်းထားပါတယ်။

ယာဂင်ကလော့ပ်က သူဒေါ့မွန်အသင်းကို ကိုယ်တွယ်နေစဉ်က နာပိုလီအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တယ်ဆိုတာကို ဝန်ခံလိုက်ပါတယ်။ အီတလီကို မြတ်နိုးပြီး၊ အီတလီ အစားအသောက်တွေကိုလည်း နှစ်သက်ပေမယ့် ဘာသာစကား မပြောတတ်ခြင်းကြောင့် ငြင်းပယ်ခဲ့ဖူးတယ်လို့ ကလော့ပ်က ပြောပါတယ်။ နောက်ထပ် ပြဿနာက နာပိုလီဥက္ကဌဟာ လေပေါလွန်းတယ်လို့ ကလော့ပ်က ဝေဖန်ပါတယ်။

လီဗာပူးခံစစ်သမား ဂိုးမက်စ်ဟာ မာဆေးဆိုဒ်ကလပ်မှာ 2024 ခုနှစ်ထိ ဆက်ရှိနေမယ့် 5 နှစ် သက်တမ်းတိုးစာချုပ်ကို မနေ့ကပဲ လက်မှတ်ရေးထိုးလိုက်ပါတယ်။ 2015 ခုနှစ်မှာ ချာတန်အသင်းကနေ ပေါင် 3.5 သန်းနဲ့ ပြောင်းလာခဲ့တဲ့ အင်္ဂလန် လက်ရွေးစင်ဟာ 2017 တုန်းကပဲ သက်တမ်းတိုးစာချုပ်မှာ လက်မှတ်ရေးထိုးထားခဲ့သေးတာပါ။ ဒီရာသီ တောက်ပနေတဲ့ ခြေစွမ်းတွေအရ စာချုပ်သစ်ကို ပြင်ဆင်ချုပ်ဆိုဖို့ လီဗာပူးဘက်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

2018 ခုနှစ် ယူအီအက်ဖ်အေအသင်းအတွက် စကာတင်စာရင်းမှာ လီဗာပူးကစားသမားတွေဖြစ်တဲ့ ဆာလက်၊ ဖာမင်နို၊ မာနေး၊ မီလ်နာ၊ ဗန်ဒိုက်၊ အယ်လီဆန်တို့ ပါဝင်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ မာနေး ပါဝင်လာဖွယ်ရှိပါတယ်။

နာပိုလီညာအစွန်လူ Elseid Hysaj ဟာ စီရီးအေကလပ်နဲ့ သက်တမ်းတိုးကိစ္စကို ရပ်ဆိုင်ထားဆဲဖြစ်ပါတယ်။ ချယ်ဆီးမန်နေဂျာ ဆာရီက အလိုရှိနေတဲ့ Hysaj ဟာ နေပယ်ကလပ်နဲ့ 2021 ခုနှစ်မှာ စာချုပ်ကုန်မှာဖြစ်ပြီး ဇန်နဝါရီမှာ လန်ဒန်ကို ရောက်လာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ချယ်ဆီးတိုက်စစ်သမား မိုရာတာဟာ ဇန်နဝါရီမှာ အငှားထွက်ခွင့်ကို တောင်းခံသွားမယ်လို့ သိရပါတယ်။ မန်စီးတီးနဲ့ပွဲမှာ ဟာဇက်ကို တိုက်စစ်မှူးနေရာ ထားကစားခဲ့ပြီး အနာဂတ်မှာ အဆိုပါနေရာက ထပ်မံပွဲထွက်ခွင့်ပေးဖွယ်ရှိကြောင်း ဆာရီက ဝန်ခံထားတယ်။ ဒါပေမယ့်လို့ မိုရာတာနဲ့ ဂျီရူးတို့ကိုလည်း အခွင့်အရေးတွေ ပြန်ပေးမယ်လို့ ဆာရီက ထုတ်ပြောထားပါတယ်။

မန်စီးတီးတိုက်စစ်သမား စတာလင်ကို စတမ်းဖိုဒ့်ဘရစ်ခ်ျမှာ ချယ်ဆီးပရိသတ်တွေ ပြုမှုခဲ့တဲ့ အပြုအမှုနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။ လန်ဒန်ဒေသခံရဲ့အဖွဲ့က အဆိုပါ ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး ဖြစ်လာနိုင်တဲ့ အနာဂတ် ပြစ်ဒဏ်ကိုတော့ မသိရသေးပေမယ့် အဆိုပါ ပရိသတ်တွေကို ကွင်းဝင်ခွင့် ပိတ်ပစ်ဖို့ တောင်းဆိုမှုတွေတော့ ထွက်လာနေပါတယ်။

အာဆင်နယ်ကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ အိုဇေးရဲ့ အနာဂတ်အသင်းအဖြစ် ရေပန်းအစားဆုံးက ယူနိုက်တက်ဖြစ်လာပါတယ်။ အဆိုပါ ရေပန်းစားမှုကို Coral လောင်းကစားကုမ္ပဏီက ကြေးဖွင့်လိုက်တာဖြစ်ပြီး ဒုတိယနေရာမှာ ဘာစီလိုနာက ရပ်တည်နေပါတယ်။

အာဆင်နယ်အသင်းရဲ့ အကယ်ဒမီနည်းပြ မာတီဆက်ကာက ဂန်းနားတို့ရဲ့ လူငယ်ကြယ်ပွင့် နယ်ဆန်ဟာ ဘွန်ဒက်လီဂါကို အငှားထွက်ဖို့ ဆုံးဖြတ်ခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှုပါလို့ ထောက်ခံလိုက်ပါတယ်။ တနင်္လာနေ့ကမှ အသက် 19 နှစ် ပြည့်သွားတဲ့ နယ်ဆန်ဟာ ဒီရာသီ ဟော့ဖန်ဟိန်းအတွက် 15 ပွဲ ကစားပြီး 6 ဂိုး သွင်းယူထားသူဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဗယ်လာဒိုးလစ်အသင်းမှ အသက် 23 နှစ်အရွယ် ခံစစ်သမား ကယ်လာယိုကို ခေါ်ယူဖို့ ဆီးဗီး၊ ဒေါ့မွန်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားဖွယ် ရှိနေပါတယ်။ ဟိုးဒင်း ရာသီကုန်ထိ အနားယူရမှာဖြစ်သလို ကိုစီရယ်နီကလည်း ကြံ့ခိုင်မှုပိုင်းမှာ ရုန်းကန်နေရလို့ ခံစစ်မှူးသစ်ခေါ်ယူဖို့ အာဆင်နယ်ဘက်က ကြိုးစားလိုနေတာပါ။

2018 ခုနှစ်အတွက် ယူအီအက်ဖ်အေရဲ့ ချန်ပီယံလိဂ်အကောင်းဆုံး အသင်းအတွက် စကာတင် 50 စာရင်းမှာ မန်စီးတီးမှ စတုန်း၊ ဒီဘရိုင်း၊ ဆေးဗားတို့ သုံးဦး ပါဝင်လာခဲ့ပါတယ်။

မန်စီးတီးဟာ 2017 နွေအပြောင်းအရွှေ့မှာ ဆန်ချိုကို ပေါင် 8-10 သန်းနဲ့ ဒေါ့မွန်အသင်းထံ လက်လွတ်ခဲ့ရပါတယ်။ အသက် 18 နှစ်အရွယ် တောင်ပံသမားဟာ ပြီးခဲ့တဲ့ 3 လအတွင်း တန်ဖိုး အများကြီး မြင့်တက်လာခဲ့ပြီး လက်ရှိ ဈေးကွက်အတွင်း တန်ကြေးမှာ ပေါင် 79.44 သန်းထိ ရောက်ရှိခဲ့ပြီလို့ CIES က ဖော်ပြပါတယ်။

မန်စီးတီးဟာ လူငယ်ကစားသမား ဖိုဒန်ကို 2024 ခုနှစ်ထိ ရှိနေမယ့် စာချုပ်သစ်ကို မနေ့ကပဲ လက်မှတ် ရေးထိုးလိုက်ပါပြီ။ စာချုပ်သစ်အရ မန်စီးတီး စီနီယာအသင်းမှာ အခွင့်အရေး ပိုရလာတော့မယ့် အသက် 18 နှစ်အရွယ် ဖိုဒန်ဟာ တစ်ပတ်လုပ်ခ ပေါင် 30,000 ရရှိမှာပါ။

တော်တင်ဟမ်အစွန်လူ ပီတာဟာ လန်ဒန်ကလပ်မှာ 2023 ခုနှစ်ထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးလိုက်ပါပြီ။ စပါးအသင်း အကယ်ဒမီကနေ ပေါ်ထွက်လာပြီး အသက် 21 နှစ်အရွယ်ပဲ ရှိသေးတဲ့ လူငယ်လေးဟာ လက်စတာနဲ့ပွဲမှာလည်း ပါဝင်ခွင့်ရခဲ့ကာ သူ့ရဲ့ စပါးကစားသမားဘဝ 11 ပွဲမြောက် ဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ရှူံးထွက်အဆင့်ကို တက်ရောက်ဖို့ရာ တော်တင်ဟမ်ဟာ နူးကျပ်မှာ ယှဉ်ပြိုင်ရမယ့် ဘာစီလိုနာနဲ့ပွဲကို အနိုင်ကစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ဘက် အင်တာမီလန်နဲ့ ပီအက်ဗီပွဲ ရလဒ်ကိုလည်း စောင့်ကြည့်သွားရဦးမှာပါ။ ပိုချက်ကတော့ ကြီးမားတဲ့ ပွဲကောင်းဖြစ်လာမှာဖြစ်ပြီး အနိုင်ရဖို့ စိတ်ပိုင်းဆိုင်ရာကို 200% ထိ ပြင်ဆင်ထားရမယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ဘာစီလိုနာနဲ့ တော်တင်ဟမ်တို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲမှာ ဘာကာတိုက်စစ်မှူး လူးဝစ်ဆွာရက်စ် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။