လီဗာပူးအကယ်ဒမီ ထွက် ကစားသမား တစ်ဦး ဖြစ်တဲ့ ကွန်နာကိုအာဒီဟာ လက်ရှိမှာတော့ ဝုဗ်အသင်းမှာ ကစားလျက်ရှိနေပါတယ်။ အင်္ဂလန်သား ဗဟိုနောက်ခံလူ ကိုအာဒီဟာ လက်ရှိ လီဗာပူးနဲ့ နယ်သာလန်သား ခံစစ်မှူး ဗန်ဒိုက်စ်ရဲ့ အမာခံ ပရိသတ် တစ်ဦးလည်း ဖြစ်ပါတယ်။

ဗဟိုခံစစ်မှူး ဗန်ဒိုက်စ်ဟာ လီဗာပူးအသင်းကို အရာရာ ပြောင်းလဲစေခဲ့တယ်လို့ ကိုအာဒီက ပြောကြားခဲ့ပြီး ဗန်ဒိုက်စ် တစ်ယောက် ရောက် လာတာဟာ လီဗာပူးကို တကယ့် ထိပ်တန်းအသင်းကြီးတစ်သင်းအဖြစ် နေ့ချင်းညချင်းပြောင်းလဲသွားတယ်လို့ သုံးသပ်ခဲ့ပါတယ်။

အသက် ၂၆ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကွန်နာကိုအာဒီဟာ လီဗာပူးကို စွန့်ခွာခဲ့တာ ၅ နှစ်ကျော်ခဲ့ပြီဖြစ်ပေမယ့် အသင်းဟောင်းကို သံယောဇဉ် ရှိနေဆဲ ဖြစ်ပါတယ်။

” ဗန်ဒိုက်စ်ဟာ ဒီနေ့ခေတ် နောက်ခံလူတွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ပါပဲ။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲ၊ နှစ်နှစ်အတွင်း လီဗာပူးအတွက် သူ စွမ်းဆောင်ပြခဲ့တာတွေက တကယ်ကို အထင်ကြီးလေးစားစရာပါ။ ကစားသမားတစ်ဦးချင်းအနေနဲ့ သူ့ဆီက အတုယူစရာတွေ အများကြီး ရှိနေပါတယ်။ ”

” သူဟာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်နဲ့ ခံစစ်ကြောင်းတစ်ခုလုံးကို ကွပ်ကဲနိုင်ပါတယ်။ ခြေတစ်လှမ်းလောက် နောက်ကျ နေတာမျိုးကို အတွေ့အကြုံနဲ့ထိန်းနိုင်တဲ့ နောက်ခံလူကောင်းတစ်ယောက်လည်းဖြစ်ပါတယ်”လို့ ကိုအာဒီက ပြောကြားခဲ့ပါတယ်။

ဗန်ဒိုက်စ် စွမ်းဆောင်ပြခဲ့တာတွေကြောင့် ၂၀၁၉ ခုနှစ်အတွက် ဘလွန်းဒီအောဆုကို ဗန်ဒိုက်စ်သာလျှင် ရသင့်တယ်လို့လည်း ကိုအာဒီက ယုံကြည်နေပါတယ်။

“ပြီးခဲ့တဲ့တစ်နှစ်အတွင်း လီဗာပူးရဲ့ အောင်မြင်မှုတွေမှာ ဗန်ဒိုက်စ်ရဲ့အခန်းကဏ္ဍက အများကြီးအရေးပါခဲ့ပါတယ်။ တကယ်လို့သာ ဆုရွေးချယ်ရေး အဖွဲ့ဝင်တွေအနေနဲ့ နောက်ခံလူတစ်ယောက်ကို ဒီဆုပေးချင်တယ်ဆိုရင်တော့ အခုအချိန်ဟာ အကောင်းဆုံးပါပဲ” လို့ ကိုအာဒီက ပြောကြားခဲ့ပါတယ်။