လီဗာပူးအကယ်ဒမီထွက် ၀ုဗ်အသင်းခေါင်းဆောင် ကော်နာကုတ်ဒီက ၄င်းကလပ်အသင်းဟောင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ထိုက်တန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ နယ်သာလန် အဆင့်မြင့်တန်းကလပ် PEC Zwolle အသင်းမှ လူငယ်ခံစစ်သမားလေး ဗန်ဒန်ဗယ်ရာကို ဒီနေ့မှာပဲ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာသွားပါတယ်။ အသက် ၁၇ နှစ်အရွယ် လူငယ်ခံစစ်မှူးကို လီဗာပူးက ပြောင်းရွှေ့ကြေး ပေါင် ၁.၅ သန်းနဲ့ အပြီးသတ် ၀ယ်ယူခဲ့တာပါ။
လီဗာပူးကို ရောက်အပြီး ပြုလုပ်တဲ့ ကလပ်အသင်းနဲ့ အင်တာဗျူးမှာ ဗန်ဒန်ဗယ်ရာက ကမ္ဘာအကောင်းဆုံး ကလပ်အသင်းကို ရောက်လာရတဲ့ ခံစားချက်က အရမ်းကို ထူးခြားပါတယ်လို့ ဖြေဆိုခဲ့ပါတယ်။
လီဗာပူးဘက်က ငြင်းပယ်ထားပေမယ့် လီဗာပူးအသင်းဟာ နစ်ကိုးလပ်စ် ပီပီကို ပေါင် သန်း ၇၀ နဲ့ ခေါ်ယူဖို့ လိုင်လီ အသင်းနဲ့ ဆွေးနွေးနေတယ်လို့ ပြင်သစ် သတင်းများမှာ ဖော်ပြနေပါတယ်။ အိုင်ဗရီကို့စ်သားကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ကလည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ရိမ်းဂျားစ် မန်နေဂျာ စတီဗင်ဂျရတ်က ပြီးခဲ့တဲ့ ရာသီ အငှားခေါ်ယူထားတဲ့ လီဗာပူးလူငယ် ကစားသမား ရိုင်ယန်ကန့်ကို အသင်းမှာ ဆက်ခေါ်ထားနိုင်ဖို့ သူ လုပ်နိုင်သမျှ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ကန့်ဟာ ပြီးခဲ့တဲ့ ရာသီ ရိမ်းဂျားစ် အတွက် လိဂ်ပွဲ ၂၇ ပွဲ ပါဝင်ကစားကာ ၆ ဂိုး သွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။
လီဗာပူးပရိသတ်များဟာ ဂူနီယာအသင်းနဲ့အတူ အာဖရိကဖလား ပြိုင်ပွဲမှာ ၀င်ရောက် ကစားနေတဲ့ ကွင်းလယ်ကစားသမား နာဘေကိတ်တာကို စောင့်ကြည့်နေကြပြီး ၄င်းရဲ့ ရုန်းကန်မှုများ မြင်နေရတာကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။ ကိတ်တာဟာ ပေါင်ခြံဒဏ်ရာကြောင့် ရာသီနှောင်းပိုင်းမှာ လီဗာပူးအသင်းအတွက် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိသူပါ။
လီဗာပူးအသင်းဟာ အက်သလက်တီကို မက်ဒရစ်သို့ ပြောင်းရွှေ့သွားပြီ ဖြစ်တဲ့ ရီးရဲလ် ကွင်းလယ်ကစားသမား လော်ရန်တေးကို ခေါ်ယူဖို့ အခွင့်အရေး ရှိခဲ့သော်လည်း ငြင်းပယ်ခဲ့ပါတယ်။ ကလော့ပ်က ကစားသမားထံမှ သူလိုအပ်တာမျိုး မရှိဘူး ယူဆခဲ့တာကြောင့် မခေါ်ယူခဲ့တာ လို့ သိရပါတယ်။
ဆိုင်မွန် မင်ညိုလတ်ကို ခရစ္စတယ်ပဲလေ့စ်အသင်းက ပေါင် ၈ သန်းနဲ့ ၀ယ်ယူလိုပေမယ့် လီဗာပူးကတော့ ဘယ်လ်ဂျီယံသားကို ရောင်းချလိုခြင်း မရှိဘဲ အယ်လစ်ဆန်ရဲ့ အရန် ဂိုးသမား အဖြစ် ဆက်လက် ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။