အာဆင်နယ်အသင်းက ဘေဆယ် ခံစစ်မှူး Eray Comert ကို ခေါ်ယူဖို့ ကြိုးစားမှုများ မြှင့်တင်လိုက်ပြီး ကစားသမားအေးဂျင့်တွေနဲ့ ဆွစ်ဇာလန်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ချိတ်ဆက်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ Eray Comert ကို ပေါင် ၇ သန်း မပြည့်ဘဲ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနွေ ပထမဆုံး ခေါ်ယူမှုအဖြစ် စိန့်အီတီနီအသင်း ခံစစ်မှူး ၀ီလီယံ ဆာလီဘာကို ယူရို ၂၅ သန်းနဲ့ ခေါ်ယူမှု အပြီးသတ်နိုင်ရန် နီးစပ်နေပြီလို့ သိရပါတယ်။ စပါး၊ ပီအက်စ်ဂျီတို့နဲ့ အပြိုင် အာဆင်နယ် ကြိုးစားနေတဲ့ ပြင်သစ်သား လူငယ်လေးကို လက်ရှိကလပ်မှာပဲ တစ်နှစ် အငှားဆက်ထားပေးဖို့ သဘောတူညီခဲ့ရတယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။
ဘီဘီစီရဲ့ အဆိုအရ အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား မီခီတာရန်ကို လက်ရှိ နွေ အပြောင်းအရွှေ့မှာ သေချာပေါက် ရောင်းထုတ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
နယူးကာဆယ်အသင်းဟာ အာဆင်နယ် ဂန္တဝင် ကစားသမား ပက်ထရစ် ဗီအဲရာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပါတယ်။ ဗီအဲရာက လက်ရှိမှာ ပြင်သစ်ကလပ် နိုက်စ်အသင်းကို ကိုင်တွယ်နေပြီး ချယ်လ်ဆီးနည်းပြဖြစ်လာဖို့လည်း ရေပန်းစားခဲ့ပါတယ်။
အာဆင်နယ် ကွင်းလယ်ကစားသမား တော်ရဲရားကို အေစီမီလန်အသင်းက ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ တော်ရဲရားအတွက် အာဆင်နယ်က အနည်းဆုံး ယူရို သန်း ၄၀ (ပေါင် ၃၅.၉ သန်း) အလိုရှိနေပြီး အေစီမီလန်ဘက်ကတော့ ပြောင်းရွှေ့ကြေးထဲမှာ Franck Kessie ဒါမှမဟုတ် Ricardo Rodriguez ကစားသမား တစ်ယောက် ထည့်သွင်း ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
အာဆင်နယ်ဟာ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို ခေါ်ယူလိုနေပြီး ကစားသမားကလည်း အာဆင်နယ် ထံ လာချင်နေသော်လည်း ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ က ကြီးမားတဲ့ အတားအဆီး ဖြစ်နေပါတယ်။ ဒါကြောင့် အူဘာမီးယန်းကို ရောင်းချပြီး ဇာဟာကို ခေါ်ယူဖို့ ထောက်ပြမှုတွေ ရှိနေပါတယ်။