လီဗာပူး ကစားသမားသစ် ဖြစ်လာခဲ့တဲ့ နယ်သာလန်သား ဗန်ဒန်ဘယ်ရာကတော့ လီဗာပူးအသင်းမှာ ဗန်ဒိုက်နဲ့အတူ တွဲဘက်ပြီး ကစားရဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေရတယ်ဆိုပြီး လက်ရွေးစင် အသင်းခေါင်းဆောင်ကို သူအမြင်လိုဆုံး ကစားသမားအဖြစ် ဝန်ခံလိုက်ပါတယ်။
လီဗာပူးဟာ ဆက်လက်ပြီး လူငယ်ကစားသမားလေး ကန့်ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို စီမံရဖွယ်ရှိပြီး ကစားသမားကို ချန်ပီယံရှစ်နဲ့ ပရီးမီးယားလိဂ်အသင်းတွေက ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်းနေကာ ရိန်းဂျားအသင်းကလည်း အလေးအနက် ကြိုးစားနေတာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ကလပ်အသင်းရဲ့ လူငယ်ကစားသမားလေး ကမာချိုကို ပေါ်တူဂီကလပ် စပို့တင်းအသင်းထံ ပေါင် ၅ သန်းနဲ့ ရောင်းချခဲ့ပြီဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် လူငယ်လေးဟာ လီဗာပူးနဲ့ စာချုပ်နောက်ဆုံးနှစ်ကို ရောက်နေပြီဖြစ်ပြီး သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့သူဖြစ်ပါတယ်။
လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ဟာ ဘောလုံးရာသီကောင်း ပြီးဆုံးသွားပြီ ဆိုပေမယ့် ပေါ်တူဂီက စတီဗင်ဂျရတ် ရိမ်းဂျားစ်အသင်း စခန်းသွင်း လေ့ကျင့်တဲ့ဆီမှာ သွားရောက်ပြီး အတူလေ့ကျင့်ရင်း ကြံ့ခိုင်မှု စဉ်ဆက်မပြတ် ပြည့်ဝနေအောင် ကြိုးစားနေပါတယ်။
စတီဗင်ဂျရတ်ကတော့ လီဗာပူးနဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေကို ဆက်လက် စုစည်းမြဲ ဖြစ်ပြီး ယခုလည်း ၄င်းရဲ့ ရိမ်းဂျားစ်အသင်းထံ အသင်းဖော်ဟောင်း ခံစစ်မှူး စကာတယ်ကို ခေါ်ယူရန် ကြံရွယ်နေပါတယ်။ အသက် ၃၄ နှစ် ရှိပြီ ဖြစ်တဲ့ စကာတယ်က လောလောဆယ် တူရကီကလပ် ဖီနာဘာချီမှာ ကစားနေပြီး ၄င်းနဲ့ ပြောဆို ညှိနှိုင်းရန် ဂျရတ် စီစဉ်နေပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ အသင်းက ၀မ် ဘစ်ဆာကာ ထွက်ခွာတော့မှာ ဖြစ်တဲ့အတွက် လီဗာပူး ညာခြမ်းခံစစ်မှူး ကလိုင်းကို ခေါ်ယူရန် အလိုရှိနေပါတယ်။ ကလိုင်းက ပြီးခဲ့တဲ့ရာသီဝက် ဘုန်းမောက်မှာ အငှားထွက်ကစားနေခဲ့တာပါ။ ၄င်းကို ခေါ်ဖို့ နာပိုလီကလည်း စိတ်ဝင်စားမှု ပြသထားပါတယ်။
ဘင်နီတက်ဇ် ထွက်ခွာသွားတဲ့ နောက် နည်းပြသစ် ရှာဖွေနေတဲ့ နယူးကာဆယ်က လီဗာပူးကစားသမားဟောင်း လက်ရှိ ရိမ်းဂျားစ် မန်နေဂျာ စတီဗင်ဂျရတ်နဲ့ အာဆင်နယ် ကစားသမားဟောင်း၊ လက်ရှိ နိုက်စ်အသင်း မန်နေဂျာ ဗီအဲရာတို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။