ဘာစီလိုနာကွင်းမှာ လူးကပ်မော်ရာရဲ့ ခြေပဂိုးကြောင့် သရေတစ်မှတ်ရလိုက်တဲ့ တော်တင်ဟမ်ဟာ ရှူံးထွက်အဆင့်ကို တက်ရောက်သွားပါပြီ။ အင်တာမီလန်ကလည်း တူညီတဲ့ ရလဒ်အဖြစ် 1-1 သရေကျခဲ့လို့ ထိပ်တိုက်တွေ့ဆုံမှုအရ တော်တင်ဟမ်က နောက်တစ်ဆင့်ကို တက်ရောက်သွားတာဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ ရိုမေးနီးယားကလပ် FCSB မှ တိုက်စစ်သမား Dennis Man ကို လေ့လာဖို့ ပြီးခဲ့တဲ့ တနင်္ဂနွေက ကင်းထောက်များ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၀အရွယ် ရိုမေးနီးယားသားလေးကို အီတလီကလပ်တွေ ဖြစ်တဲ့ ရိုးမားနဲ့ ဖီနာဘာချီတို့ကလည်း စောင့်ကြည့်နေတာပါ။

တော့တင်ဟမ်စပါးအသင်းဟာ ကွင်းသစ်ဖွင့်ပွဲအတွက် ထပ်မံနှောင့်နှေးမှုများ ကြုံတွေ့ဖွယ် ရှိနေပါတယ်။ ခရစ္စမတ်ကာလက စလို့ ကွင်းကို ဖွင့်ကာ စမ်းသပ်မှုများ စတင်မှာ ဖြစ်ပေမယ့် လူများတဲ့ပွဲတွေအတွက် စီမံခန့်ခွဲနိုင်ဖို့ အဆင်သင့်ဖြစ်မနေသေးဘူးလို့ သတင်းများမှာ ဖော်ပြလာပါတယ်။

လီဗာပူးနဲ့ နာပိုလီပွဲမှာ ဆာလက်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ လီဗာပူးအသင်း အနိုင်ရသွားပါတယ်။ ဒါကြောင့် ရှူံးထွက်အဆင့်ကိုတော့ ပီအက်ဂျီနောက် အုပ်စု ဒုတိယအဖြစ်နဲ့ တက်ရောက်သွားနိုင်ပါပြီ။ အဆိုပါ နိုင်ပွဲက ချန်ပီယံလိဂ် နောက်ဆုံးအိမ်ကွင်း 5 ပွဲဆက်တိုက် အနိုင်ရမှုဖြစ်ပြီး လီဗာပူးသမိုင်းတစ်လျှောက် အကောင်းဆုံး မှတ်တမ်းဖြစ်ပါတယ်။

နာပိုလီနဲ့ပွဲမှာ အဝါတစ်ကဒ်ရခဲ့တဲ့ ဗန်ဒိုက်ဟာ လာမယ့် ချန်ပီယံလိဂ်ပွဲ တစ်ပွဲကို လွဲချောပါတော့မယ်။ လီဗာပူးအတွက် ထိခိုက်မှုကြီးဖြစ်ပေမယ့် နာပိုလီရဲ့ အပိုင်အခွင့်အရေးကို လက်စွမ်းပြ ကာကွယ်သွားခဲ့တဲ့ အယ်လီဆန်က ခံစစ်ကြောင်းကို ဦးဆောင်သွားနိုင်ဖို့ ယုံကြည်ကြောင်း လီဗာပူးပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။

စီနီယာအသင်းတွေ မကန်ခင် ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် လူငယ်ပွဲစဉ်မှာတော့ လီဗာပူး U19 က နာပိုလီ U19 အသင်းကို ၅ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ရှူံးအဆင့် တက်ရောက်သွားပါပြီ။ လီဗာပူးအတွက် ဂိုးတွေကို ကမာချို၊ မီလာ၊ ဂရက်ဇဲလ်၊ ကားတစ်ဂျုံးနဲ့ ဘော်ဘီဒန်ကန်တို့က သွင်းယူသွားတာပါ။
မန်စီးတီးတိုက်စစ်သမား ဆာနေးရဲ့ လက်ရှိစာချုပ်က ၂၀၂၁ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး သက်တမ်းတိုးဖို့ ကိစ္စအတွက် မေးမြန်းမှုကို – “အစတည်းက ကျနော်ပြောခဲ့သလိုပဲ.. ကျနော် ဒီမှာ သိပ်ကို ပျော်ရွှင်နေတယ်။ နည်းပြကော ကစားသမားတွေကောက အံ့သြလောက်စရာ တော်တဲ့သူတွေချည်း.. ကိုယ့်အိမ်လိုပဲ ဒီမှာ ဖြစ်နေပြီ.. ဒီတော့ သက်တမ်းတိုးဖို့က ဖြစ်နိုင်ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။

မန်စီးတီးက အက်သလက်တီကို ကွင်းလယ်ကစားသမား Saul Niguez ကို စိတ်ဝင်စားနေတဲ့ သတင်းများအပေါ် ဂွာဒီယိုလာက ငြင်းဆန်သွားပါတယ်။ Saul Niguez က ထူးချွန်တဲ့ ကစားသမား ဖြစ်ပေမယ့် စီးတီးအနေနဲ့ ခေါ်ယူဖို့တော့ စိတ်မ၀င်စားကြောင်း၊ ကစားသမားကလည်း အေတီကိုမှာပဲ အကြာကြီးနေသွားမယ့်သူပါလို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

လတ်တလော ချယ်ဆီးနဲ့ပွဲမှာ စတားလင်း ပြောဆိုခံခဲ့ရတာနဲ့ပတ်သတ်ပြီး ပက်က – “လူလူချင်း ခွဲခြားမှုတွေက ဘောလုံးမှာတင် မဟုတ်ဘူး နေရာတိုင်းမှာ ရှိနေကြတယ်။ ပိုကောင်းမွန်နဲ့ အနာဂတ် တည်ဆောက်ဖို့ လူတိုင်းအတွက် ကျနော်တို့ ဒီလို အဖြစ်မျိုးတွေ မရှိအောင် တိုက်ပွဲ ၀င်သွားရမယ်.. အင်္ဂလန်မှ မဟုတ်ဘူး နေရာတိုင်းပဲ။” လို့ စီးတီး မန်နေဂျာ ဂွာဒီယိုလာက ဆိုလိုက်ပါတယ်။

ဗလင်စီယာနည်းပြ Marcelino က ဗီလာရီးရဲလ်မှာ ဆုံဖူးတဲ့ တပည့်ဟောင်း လက်ရှိ ယူနိုက်တက်ကစားသမား အဲရစ်ဘိုင်လီ က အလွန်ထူးချွန်တဲ့ ကစားသမား ဖြစ်ပြီး လတ်တလော ရုန်းကန်နေရတာက ၄င်းရဲ့ ဒဏ်ရာပြဿနာတွေနဲ့ နောက်ဆက်တွဲတွေကြောင့် ဖြစ်တယ်လို့ ဘိုင်လီဘက်က ကာကွယ် ပြောဆိုသွားပါတယ်။

ဘရာဇီးဘက်က သတင်းများအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ Bordeaux ခံစစ်မှူး ပက်ဘလိုကို ခေါ်ယူလိုတဲ့ အသင်းများထဲမှာ ပါဝင်လာတယ်လို့ သိရပါတယ်။ မော်ရင်ညိုက ဇန်န၀ါရီမှာ ဗဟိုခံစစ်မှူး ခေါ်ယူလိုနေတာ အမှန်ပဲ ဖြစ်ပြီး အသင်းတာဝန်ယူရှိသူတွေကတော့ ငွေကြေး များများစားစား သုံးစွဲရမယ့် အန်ဒါဝီရယ်၊ မက်ဂွဲရားတို့လို ကစားသမားတွေကို မခေါ်ဘဲ ငြင်းဆန်ထားတာပါ။

ဗလင်စီယာနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ဖို့ ထွက်ခွာသွားတဲ့ ယူနိုက်တက်အသင်းမှာ လူငယ်ကစားသမား နှစ်ယောက် ဖြစ်တဲ့ Mason Greenwood နဲ့ James Garner ပါဝင်သွားပါတယ်။ အရန်စာရင်းမှာ ပါဝင်ခွင့်ရမှာဖြစ်ပေမယ့် ပွဲထွက်ကစားခွင့်တော့ ရရှိမှာ မဟုတ်ပါဘူး။

စတားလင်းကို လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေ သုံးခဲ့တဲ့ စွပ်စွဲခံခဲ့ရတဲ့ ချယ်ဆီးပရိသတ်က သူ့ရဲ့ အပြုအမူအတွက် လွန်သွားကြောင်း ပြန်လည် တောင်းပန်ခဲ့ပေမယ့် သူပြောခဲ့တဲ့ စကားက ခွဲခြားတဲ့ စကား မဟုတ်ကြောင်း ငြင်းပယ်သွားပါတယ်။ စတားလင်းကို အော်ခဲ့မိတဲ့ စကားက “Manc” လို့ ဖြစ်ပြီး စွပ်စွဲကြသလို “Black” အမဲကောင်လို့ ခေါ်ခဲ့တာ မဟုတ်ဘူးလို့ အသက် ၆၀ အရွယ် ချယ်ဆီး ပရိသတ် Colin Wing က ဆိုပါတယ်။

ချယ်ဆီးကစားသမား ဟာဇက်က အသင်းဖော် ကန်တေဟာ လက်ရှိ နေရာသစ်မှာ အခက်ခဲရှိနေတယ် မြင်မိပြီး မကြာခင်မှာတော့ အသားကျသွားမယ် ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ ကန်တေက ဘောလုံးပိုင်ဆိုင်မှု ရဖို့ ပြန်လည် ရယူတဲ့နေရာ မှာ နာမည်ကျော်ပေမယ့် အကောင်းဆုံး ဖန်တီးရှင်တော့ မဟုတ်ဘူးလို့ ဟာဇက်က ထောက်ပြခဲ့တာပါ။

နာပိုလီတိုက်စစ်သမား ဒရိုင်းမာတင်က ဆရာဟောင်း ဆာရီနဲ့ လက်တွဲဖို့ စဉ်းစားနေကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ ဘယ်လ်ဂျီယံသားရဲ့ လက်ရှိစာချုပ်က ၂၀၂၀ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဒီရာသီမှာ (လီဗာပူးနဲ့ပွဲ မတိုင်ခင်ထိ) ၁၉ ပွဲကစား ၁၀ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။

ခြေစွမ်းပြနေတဲ့ ကွင်းလယ်သမား တော်ရဲရားက အာဆင်နယ်အသင်းရဲ့ နိုဝင်ဘာလ အကောင်းဆုံးကစားသမားဆု ရရှိသွားပါတယ်။ တော်ရဲရားက ၇၀% မဲ အပြတ်အသတ်နဲ့ အနိုင်ရသွားတာဖြစ်ပြီး ဒုတိယနေရမှာ လီနိုနဲ့ တတိယနေရာမှာ ဟိုးဒင်းတို့ အသီးသီး မဲပေးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နွေက လီဗာပူးအသင်းနဲ့ အပြောင်းအရွှေ့ ဖြစ်လုနီးပါး ဖြစ်ခဲ့ပြီးမှ ပျက်ပြယ်ခဲ့တဲ့ လိုင်ယွန်ကစားသမား ဖယ်ကီယာကို အာဆင်နယ် အသင်းကလည်း ပစ်မှတ်ထားလာပေမယ့် ကစားသမားကတော့ အာဆင်နယ်ကို ပြောင်းဖို့ထက် လိုင်ယွန်မှာ ဆက်နေဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ပြင်သစ်ကြယ်ပွင့် ဒမ်ဘီလီကို ဘာစီလိုနာက အသင်းကနေ လွယ်လွယ် ထွက်ခွာခွင့် ပေးမှာ မဟုတ်ဘဲ စာချုပ်ပါ အတိုင်း ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀၀ ပေးမှသာ လက်လွှတ်မယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ပြင်သစ်သားဟာ ဘာစီလိုနာသို့ ရောက်စဉ်က ယူရို ၁၀၅ သန်းနဲ့ ထပ်ဆောင်း ယူရို သန်း ၄၀ အပါအ၀င်နဲ့ ရောက်ရှိခဲ့သူပါ။